Home
နိုင်ငံတကာ
ကလေးသေဆုံးမှုနှင့်ဆက်နွှယ်သည့် ချောင်းဆိုးပျောက်ဆေးညွှန်းပေးသူ အိန္ဒိယဆရာဝန်ကို ဖမ်းဆီး
DVB
·
October 7, 2025
Photo: Reuters

အိန္ဒိယရဲတပ်ဖွဲ့ဟာ ဆေးဝါးနဲ့ဆက်နွှယ်ပြီး ကလေးငယ် ၁၄ ယောက် သေဆုံးရမှုကို လူသတ်မှု စုံစမ်းစစ်ဆေးရေး အမှုဖွင့်လိုက်တာကြောင့် အောက်တိုဘာ ၆ ရက်မှာ အဆိပ်သင့် ချောင်းဆိုးပျောက်ဆေးကို ဆေးညွှန်းပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဆရာဝန်တယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ကလေးအများစုဟာ အသက် ၅ နှစ်အောက်ဖြစ်ပြီး Coldrif Syrup တံဆိပ် ချောင်းဆိုးပျောက်ဆေးကို သောက်သုံးပြီးနောက်မှာ ပြီးခဲ့တဲ့လက ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုနဲ့ သေဆုံးခဲ့ကြတာပါ။

ဆေးရည်ထဲမှာ အဆိပ်အတောက်ပစ္စည်း ဒိုင်-အက်သလင်း ဂလိုက်ကောလ် ပမာဏဟာ ခွင့်ပြုကန့်သတ်ချက်ထက် အဆ ၅၀၀ နီးပါး ပါဝင်နေတယ်လို့ ရိုက်တာက မြင်တွေ့ခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဟာ Coldrif ထုတ်လုပ်သူ စရီဆန် ဖာမာ ဆေးကုမ္ပဏီကို အမှုရဲ့ အဓိကတရားခံတယောက် အဖြစ် သတ်မှတ်ခဲ့ပြီး ကလေးအများစုကို ဆေးညွှန်းပေးခဲ့တဲ့ ပရာဗီးန် ဆိုနီ အမည်ရှိ ဆရာဝန်ကို ဖမ်းဆီးထားပါတယ်။

ဒေါက်တာ ဆိုနီကို အောက်တိုဘာ ၉ ရက်အထိ တရားရုံး ထိန်းသိမ်းမှုအောက်မှာ ထားရှိဖို့ မက်ဒရာ ပရာဒေ့ရှ်ပြည်နယ် ချင်းန်ဒွားရာ မြို့တော်တရားရုံးက အမိန့်ပေးထားကြောင်း ဆိုနီ ဘက်က တရားခံရှေ့နေက မီဒီယာတွေကို ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် မိုဟန်ယာဒက်ဗ်က သေဆုံးသူ ကလေးငယ်တွေရဲ့  မိဘတွေနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးနဲ့ ဆေးဝါးထိန်းချုပ်ရေးမှူး တယောက်ကို တာဝန်ရပ်စဲလိုက်ကြောင်းနဲ့ လက်ထောက် ဆေးဝါးထိန်းချုပ်ရေးမှူး တယောက်ကို အရေးယူဖို့ အမိန့်ထုတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတဝန်းရှိ ပြည်နယ်အသီးသီးမှာလည်း ဆေးရည်မရောင်းရကြောင်း သေချာစေဖို့ ဆေးဆိုင်တွေနဲ့ ဂိုထောင်တွေ အများအပြားမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂရုတစိုက် စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တချိန်တည်းမှာပဲ ခွင့်ပြုထားတာထက် ပိုပြီး ပါဝင်မှုများပြားတဲ့ Coldrif နဲ့အလားတူ ဆေးဝါးတွေကိုလည်း ဒီအုပ်ချုပ်ရေးဧရိယာမှာ ရောင်းချခွင့် မပြုဖို့လည်း အရေးတကြီး လုပ်ဆောင်နေကြောင်း ဘိုပါးလ်မြို့တော်က ဆေးဝါးစစ်ဆေးရေးမှူး ဆာဗက်ရှ် ရှာမာက ပြောပါတယ်။

စရီဆန် ဆေးကုမ္ပဏီ အခြေစိုက်ရာ တောင်ပိုင်းတမီလ်နာဒူးပြည်နယ်မှ အာဏာပိုင်တွေက အဲဒီဆေးရည်ထဲမှာ အဆိပ်ပစ္စည်း ဒိုင်-အက်သလင်း ဂလိုက်ကောလ် ပမာဏ ၄၈ ဒသမ ၆ ရာခိုင်နှုန်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပြီး မက်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှာ စမ်းသပ်မှုတွေ ပြုလုပ်နေချိန်မှာ ၄၆ ဒသမ ၂၈ ရာခိုင်နှုန်း ရှိနေတာကို ပြသခဲ့ပါတယ်။

အိန္ဒိယအာဏာပိုင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ်ထားတဲ့ ခွင့်ပြုကန့်သတ်ချက်မှာ ၀ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

တိုင်ကြားချက်အရ ဆေးကုမ္ပဏီဟာ လူသတ်မှုအဆင့် မဟုတ်တဲ့ သေဆုံးမှုအတွက် တာဝန်ရှိမှု၊ ဆေးဝါးမသမာမှု၊ ဆေးဝါးနဲ့ အလှကုန်ဥပဒေကို ချိုးဖောက်ထားတဲ့ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်နေရပါတယ်။

ပြစ်မှုထင်ရှားရင် ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေဟာ ငွေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။

ရိုက်တာသတင်းဌာနဟာ ဆေးညွှန်းပေးခဲ့တယ်လို့ ရဲတွေက ပြောကြတဲ့ တရားခံ ဒေါက်တာဆိုနီကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေါက်တာဆိုနီက ဒီဆေးကို ညွှန်းလာတာ ၁၀ နှစ်လောက် ရှိနေပြီဖြစ်လို့ Coldrif ချောင်းဆိုးပျောက်ဆေးနဲ့ ကလေးတွေ သေဆုံးမှုကို ချိတ်ဆက်အမှုတွဲဖို့က ခက်ခဲကြောင်း တနင်္ဂနွေနေ့က ဒေသခံသတင်းဌာန NewsX မှာ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013