
နိုင်ငံတကာအသိုက်အဝန်းက ပညာရှင်တွေ၊ မြန်မာနိုင်ငံသား တတ်သိပညာရှင်တွေနဲ့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်က ပိုစတာလူသားတွေ မြန်မာနိုင်ငံအကြောင်း ပြောကြတဲ့အခါမှာ တပ်ကြတဲ့ မျက်မှန်စိမ်းတွေ အမျိုးမျိုးရှိတဲ့အကြောင်း ဆွေးနွေးခွင့်ကြုံတိုင်း ကျမ မကြာခဏ ထည့်ပြောဖူးပါတယ်။ စစ်အာဏာရှင်စနစ် မျက်မှန်စိမ်း၊ ဗမာလူမျိုးကြီးဝါဒ မျက်မှန်စိမ်း၊ ပြည်တွင်းစစ်အဆိုးကျော့သံသရာ မျက်မှန်စိမ်း၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု မျက်မှန်စိမ်း စသဖြင့် မျက်မှန်စိမ်းတွေ အတော်များများရှိပါတယ်။ အဲဒီမျက်မှန်စိမ်းတွေတပ်တာကိုမှားတယ် မှန်တယ်လို့ ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ မျက်မှန်စိမ်းတွေ တပ်ကြည့်ရုံနဲ့ တကယ့်ပြဿနာ အရင်းအမြစ်ကို အသေအချာ လေ့လာသုံးသပ်နိုင်ပါ့မလားဆိုတာကို စဉ်းစားမိစေချင်တာပါပဲ။
တကယ့်ပြဿနာအရင်းအမြစ်က ဘာလဲဆိုတာ သိချင်ရင်တော့ တစုံလုံး ခြုံကြည့်ဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်က ဘယ်က လာသလဲ။ ဗမာလူမျိုးကြီးဝါဒရဲ့ အကြောင်းရင်းခံက ဘယ်မှာရှိသလဲ။ ပြည်တွင်းစစ် အဆိုးကျော့သံသရာ ဘာကြောင့် တလည်လည် ဖြစ်နေတာလဲ။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ စွပ်စွဲချက်ရဲ့ ရေသောက်မြစ်က ဘယ်က လာသလဲ။ ဒါတွေကို မျက်မှန်စိမ်းမတပ်ဘဲ မြင်အောင် ကြည့်စေချင်တာပါပဲ။
မြန်မာ့ “အာဏာ” နိုင်ငံရေး အစဉ်အလာ
တလောက ကွယ်လွန်သွားတဲ့ Scottish-American philosopher Alasdair Chalmers MacIntyre က ကမ္ဘာ့သမိုင်းတလျှောက် ပြောင်းလဲလာတဲ့ ကျင့်ဝတ်သီလနဲ့ နိုင်ငံရေး အယူအဆတွေ၊ လူမှုရေးဓလေ့ထုံးတမ်းတွေအပေါ် အခြေခံပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ လွတ်လပ်ပွင့်လင်းတဲ့ လစ်ဘရယ်စနစ်အထိ ဆင့်ကဲပြောင်းလဲလာတဲ့ အတွေးအခေါ် ပြောင်းလဲမှု အစဉ်အလာကို လေ့လာခဲ့တယ်။ ဒေါက်တာသန်းထွန်းက အင်း၀ခေတ်က နန်းတွင်း အမိန့်ပြန်တမ်းတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့သက်ဦးဆံပိုင် ဘုရင်စနစ်ရဲ့ ထုံးတမ်းစဉ်လာကို လေ့လာခဲ့တယ်။ ဒေါက်တာမောင်မောင်ကြီးက ဘုရင်ခေတ်ကနေမဆလခေတ်အထိ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းတွေကိုလေ့လာပြီး မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အာဏာရှင် အမူအကျင့်တွေ၊ အာဏာရှင်အားပေး အကျင့်စရိုက်တွေအကြောင်း ကျမ်းပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးစနစ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေ တောက်လျှောက် ဖြစ်နေတာပါပဲ။ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ ဒီနေ့ခေတ်အထိ အဆင့်ဆင့်ပြောင်းလဲလာတယ်လို့ ဆိုနိုင်ပေမဲ့ လက်ရှိအချိန်မှာ နောက်ပြန်သွားနေတဲ့စနစ်က အကြွင်းမဲ့ အာဏာရှင်စနစ်ကို သွားနေတာ ဖြစ်ပါတယ်။ ဒီလို သမိုင်းဘီးနောက်ပြန်လည်နေတာဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တဲ့ “အာဏာ” နိုင်ငံရေး အစဉ်အလာကြောင့် ဖြစ်ပါတယ်။
ဗမာလူမျိုးကြီးဝါဒ ============> အင်အားကြီးလူမျိုးအခြေပြု “အာဏာ” တည်ဆောက်မှု
ပြည်တွင်းစစ်အဆိုးကျော့သံသရာ =====> အင်အားအခြေပြု၊ နယ်မြေအခြေပြု “အာဏာ” တည်ဆောက်မှု
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ======> လူမျိုးရေးပဋိပက္ခအခြေပြု “အာဏာ” တည်ဆောက်မှု

အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင်တော့ အင်အားကြီးတဲ့ လူမျိုးစုတစုအပေါ် အခြေတည်ပြီး “အာဏာ” တည်ဆောက်ခဲ့တဲ့ အစဉ်အလာတွေကို မြန်မာနိုင်ငံသမိုင်းဆိုပြီး သင်ရတဲ့ ပထမ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တည်ထောင်ခြင်း သမိုင်းတွေကို ကြည့်လိုက်ရင်တွေ့နိုင်ပါတယ်။
တနည်းအားဖြင့် ဒါဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ဖိတ်ခေါ်ခဲ့တဲ့ အကြောင်းရင်းခံ တခုဖြစ်ခဲ့ပြီး လူမျိုးကြီးနဲ့ အခြားလူမျိုးစုတွေအကြား အင်အားအခြေပြု၊ နယ်မြေအခြေပြု “အာဏာ” တည်ဆောက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ပြည်တွင်းစစ်အဆိုးကျော့သံသရာကို ဖန်တီးခဲ့ ပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်းစတင်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ ရိုဟင်ဂျာအရေးကိစ္စကြီးကို ကြည့်မယ်ဆိုရင်လည်း မြန်မာစစ်တပ်ရဲ့ လူမျိုးရေးပဋိပက္ခ အခြေပြု “အာဏာ” တည်ဆောက်မှုကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒီကိစ္စကြောင့်ပဲ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ စတင်ခဲ့တဲ့ တစိတ်တပိုင်းပြည်သူ့အာဏာစနစ်ကို ချည့်နဲ့ ပြိုလဲစေခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုပြီးကတည်းက လက်နက်အင်အားအတောင့်တင်းဆုံးမြန်မာစစ်တပ်က မြန်မာပြည် တနံတလျားက အရပ်သား ပြည်သူတွေကို ဖိနှိပ်မှုမျိုးစုံသုံးပြီး အုပ်ချုပ်ရင်း အကြွင်းမဲ့အာဏာရှင်စနစ်ကို ထူထောင်လာပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ပြောင်းလဲမှု ဖြစ်စဉ်တခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်တော့ “အာဏာ” နိုင်ငံရေး အစဉ်အလာကိုပဲ ထင်ထင်ရှားရှား မြင်ရပါတယ်။ “အာဏာ” နိုင်ငံရေး အစဉ်အလာကို ဖန်တီးခဲ့သူတွေကလည်း “အကြွင်းမဲ့အာဏာ”ကို ချုပ်ကိုင်ထားတဲ့ တော်ဝင်မိသားစုတွေ၊ ကိုလိုနီအရင်းရှင်တွေ၊ စစ်အာဏာရှင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့ ခရိုနီအရင်းရှင်တွေပဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ သူတို့ဟာ “အကြွင်းမဲ့အာဏာ”ကို ချုပ်ကိုင်ထားနိုင်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အသုံးပြုခဲ့ကြပါတယ်။
လက်နက်ကိုင်စစ်သားတွေက လက်နက်မဲ့ပြည်သူတွေကို အင်အားသုံး အုပ်ချုပ်နေသရွေ့ ပြည်သူ့အာဏာ ဒီမိုကရေစီစနစ်ကို သွားဖို့ရာ ခက်ခဲနေဦးမှာ ပဲဆိုတာ လူတိုင်း သိတဲ့ အမှန်တရား တခုပါပဲ။
ပိုစတာလူသားများ
နိုင်ငံတကာအသိုက်အဝန်းကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲတခုခုမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကိုပြဖို့ ပိုစတာလူသားတွေကို သူတို့ မြင်ချင်တဲ့ပုံစံမျိုးနဲ့ ဖန်တီးခဲ့ပါတယ်။ ဥပမာတခုအနေနဲ့ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ မြင်ချင်တဲ့ပုံစံဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဆိုတဲ့ ပိုစတာလူသား အမည်တပ်ဖို့ ဆုတံဆိပ်မျိုးစုံပေးပြီး ဖန်တီးခဲ့တာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာ့နိုင်ငံရေးလောကကို နိုင်ငံရေးပါတီတခု တည်ထောင်ပြီး ဝင်ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကိုယ်သူ နိုင်ငံရေးသမားသာ ဖြစ်ကြောင်း လူသိရှင်ကြား အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ နိုင်ငံရေးသမားတွေထဲမှာမှ အကြမ်းမဖက်လမ်းစဉ်ကို တစိုက်မတ်မတ် ဆုပ်ကိုင်ခဲ့တဲ့ ဂန္ဒီကြီးလို နိုင်ငံရေးသမားမျိုး ဖြစ်တဲ့အတွက် နှစ်ပေါင်း ၂၀ နီးပါး အချုပ်အနှောင်ခံဘ၀နဲ့ ဖြတ်သန်းရင်း “အာဏာ” နိုင်ငံရေးအစဉ်အလာကို ပြောင်းဖို့ ကြိုးစားနေတဲ့ ပြည်တွင်းနေ နိုင်ငံရေးသမားတယောက်အဖြစ်ရပ်တည်နေတုန်းပဲ ဖြစ်ပါတယ်။
၂၀၁၇ ရိုဟင်ဂျာဖြစ်စဉ် နောက်ပိုင်းမှာတော့ အင်္ဂလိပ်စကားပြော ရိုဟင်ဂျာအရေးလှုပ်ရှားသူ ပိုစတာလူသားအတော်များများကို ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်တင်ဖို့ အနောက်ကမ္ဘာက ကြိုးစားလာကြပါတယ်။ သူတို့တင်တဲ့ ပိုစတာလူသားအတော်များများက မြန်မာ့နိုင်ငံရေးအကြောင်း ကမ္ဘာ့စင်မြင့်ပေါ် တက်ပြောတဲ့အခါ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု မျက်မှန်စိမ်းတလက်ကိုပဲ တပ်ပြီး ပြောဆိုသုံးသပ်ကြပါတယ်။ အဲဒီအခါမှာ သူတို့ရဲ့ နိုင်ငံရေး တောင်းဆိုမှုအားလုံးဟာ ရိုဟင်ဂျာလူမျိုးများရဲ့ လူ့အခွင့်အရေးဆုံးရှုံးနစ်နာမှု၊ ဂုဏ်သိက္ခာရှိစွာ လုံခြုံစွာ နေရပ်ပြန်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့မှာပဲ လမ်းဆုံးသွားပါတယ်။ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမျိုးတွေ ပေါ်ပေါက်စေတဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ လူမျိုးရေးပဋိပက္ခ အခြေပြု “အာဏာ” တည်ဆောက်မှုတွေ ထပ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စဉ်းစားချက်တွေ မပါဝင်ပါဘူး။ ရိုဟင်ဂျာတွေ၊ လူနည်းစုတွေကို အကာအကွယ်ပေးနိုင်တဲ့ မျှတတဲ့ တရားဥပဒေတွေ ရေးဆွဲနိုင်တဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲကို ဘယ်လို ဝိုင်းတွန်းကြမလဲဆိုတဲ့ နိုင်ငံလုံးခြုံငုံတဲ့ စဉ်းစားချက်တွေ မပါဝင်ပါဘူး။
သေချာတာတခုကတော့ နိုင်ငံတကာအသိုက်အဝန်းက ဖန်တီးတဲ့ ပိုစတာလူသားတွေဆီမှာ သူတို့မြင်ချင်တဲ့ ပုံရိပ်တွေ၊ စီစဉ်ချင်တဲ့ အာဂျင်ဒါတွေ (prototypical example of a particular concept, idea, or trend) ရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ သဘာ၀ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ၊ အလုပ်သမားအရေး လှုပ်ရှားသူ၊ ဂျန်ဒါအရေး လှုပ်ရှားသူ အစရှိတဲ့ ပိုစတာလူသားတွေ နောက်ကွယ်က တချို့အာဂျင်ဒါတွေက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေနဲ့ ချိတ်ဆက်နေတယ်။ တချို့အာဂျင်ဒါတွေက အလှူရှင်အဖွဲ့အစည်းတွေရဲ့ အာဂျင်ဒါတွေနဲ့ ချိတ်ဆက်နေတယ်။ တချို့အာဂျင်ဒါတွေကတော့ ကိုယ်ကျိုးစီးပွါးတွေနဲ့ ချိတ်ဆက်နေပါတယ်။
သေချာတာတခုက ဒီအာဂျင်ဒါတွေက နိုင်ငံတနိုင်ငံရဲ့ အဓိကပြဿနာကို ဖြေရှင်းနိုင်တဲ့ အာဂျင်ဒါတွေ ဟုတ်မနေခဲ့ပါဘူး။ သူတို့ရဲ့ ပရောဂျက်တွေ ရေတိုရေရှည်စီမံကိန်းတွေနဲ့ပဲ ချိတ်ဆက်နေတဲ့ အာဂျင်ဒါတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအရေးအတွက် ဆေးမြီးတိုတွေပဲ ဖြစ်နေသလို၊ ရိုဟင်ဂျာအရေးအတွက်လည်း လူသားချင်းစာနာမှုအကူအညီတွေ ရပ်တန့်မသွားရေးအတွက် ရေတို အထောက်အပံ့ပဲ ဖြစ်စေပါတယ်။ ဂုဏ်သိက္ခာရှိစွာနဲ့ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့အတွက် ကျယ်ကျယ်လောင်လောင် အော်ပေးနိုင်တာကကလွဲလို့ လက်တွေ့ကျတဲ့ အဖြေကို ဘယ်သူကမှ အကြံမပြုနိုင်ပါဘူး။ ဒါ့အပြင် ပိုစတာလူသား အတော်များများက နိုင်ငံလုံးခြုံတဲ့ကိစ္စတွေမှာ သုံးသပ်နိုင်စွမ်း အကန့်အသတ် ရှိကြပါတယ်။
ဒီနေ့ ကမ္ဘာ့အခင်းအကျင်းကိုကြည့်လိုက်ရင် ဒုက္ခသည်တွေ များလာသလို ဒုက္ခသည်အခြေပြု နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်နိုင်ငံတော်တွေ များလာပါတယ်။ မြန်မာနိုင်ငံကို လက်ရှိအချိန်မှာ နာမည်ပြောင်းမယ်ဆိုရင်တော့ ဒုက္ခသည်နိုင်ငံတော်လို့ ပြောင်းတာကသာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ စစ်ဘေးရှောင်တွေ၊ ပြည်တွင်း ရွာပုန်းရွာရှောင်တွေ၊ နယ်စပ်တကြော ရွှေ့ပြောင်းအခြေချသူတွေအားလုံးဟာ ဒုက္ခသည်စစ်စစ်တွေပါပဲ။ အများစုဟာ ဘာလူသားချင်းစာနာမှုအထောက်အပံ့မှ မရကြတဲ့သူတွေ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတိုင်းလိုလိုမှာလည်း အထောက်အထားမဲ့ မြန်မာတွေ အများကြီးရှိပါတယ်။ ထိုင်းနိုင်ငံမှာ ၁၀ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်မှာ တသန်းကျော်၊ တရုတ်ပြည်မှာ၊ လာအိုမှာ၊ ကမ္ဘောဒီးယားမှာ၊ နိုင်ငံတကာမှာ၊ နိုင်ငံရဲ့ ၂၀ ရာနှုန်းကျော်သော လူဦးရေဟာ နိုင်ငံထဲမှာ မရှိကြတော့ပါဘူး။
မြန်မာ့ “အာဏာ” နိုင်ငံရေး အစဉ်အလာကို ဘယ်လိုပြောင်းမလဲ
အာဏာနိုင်ငံရေး အစဉ်အလာကို အသက်သွင်းနေတဲ့ လူအုပ်စုတစု (ဒါမှမဟုတ်) အင်စတီကျူးရှင်းတခုကို လက်နက်အင်အားသုံး ဖယ်ရှားပြီး နောက်ထပ်စနစ်တခုကို ပြောင်းဖို့လုပ်တာဟာ အမြန်ဆုံးနည်းလမ်းတခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥပမာ သီပေါမင်းပါတော်မူသွားပြီးတဲ့နောက် သက်ဦးဆံပိုင်ဘုရင်စနစ် ကျဆုံးသွားသလိုမျိုး၊ ဟစ်တလာ မရှိတော့တဲ့အခါ နာဇီဂျာမဏီ စစ်ရှုံးသွားသလိုမျိုး၊
ဒါပေမဲ့ ဒီနေ့ခေတ်မှာ လက်နက်အင်အားတခုတည်းကသာ အင်အား မဟုတ်တော့ပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို ၂၀၂၄ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို အင်အားသုံးဖြေရှင်းမယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးတပ်ဖွဲ့မှာ ဘင်္ဂလား စစ်သား ၆၀၀၀ ကျော် တာဝန်ထမ်းဆောင်ခွင့်ကို ရပ်ဆိုင်းပစ်လိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီနေရာမှာ ကုလသမဂ္ဂ ကိုင်စွဲခဲ့တဲ့ အင်အားက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂအပေါ် မှီခိုနေရတဲ့ ငွေကြေးအင်အားဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ သူ့နိုင်ငံက စစ်သားတွေကို ခွဲဝေပေးထားတဲ့အတွက် တနှစ်ကို ဒေါ်လာသန်း ၅၀၀ ကျော် လစာဝင်ငွေရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေးတပ်ဖွဲ့မှာ ဘင်္ဂလားစစ်သား ၆၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၃ နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံလောက် ဝင်ငွေရှိခဲ့ပါတယ်။ ဆန္ဒပြမှုတွေကို အင်အားသုံးဖြေရှင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂအကြီးအကဲက တားဆီးနိုင်ခဲ့ပြီး ကြားဖြတ်အစိုးရတရပ် ပေါ်ပေါက်လာအောင်တိုက်တွန်းနိုင်ခဲ့တာဟာ ကုလသမဂ္ဂအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံက မှီခိုနေရတဲ့ ငွေကြေးအင်အားကြောင့် ဖြစ်ပါတယ်။
မြန်မာ့ “အာဏာ” နိုင်ငံရေး အစဉ်အလာကို ပြောင်းမယ်ဆိုရင်တော့ အာဏာရှင်စစ်ဗိုလ်ချုပ်တွေကို အညှာကိုင်နိုင်တဲ့ အင်အားတခုခု ရှိဖို့ လိုပါလိမ့်မယ်။ အဲဒီအင်အားဟာ ငွေကြေးအင်အားလည်း ဖြစ်နိုင်သလို၊ ဩဇာအင်အားလည်းဖြစ်နိုင်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေကို အရေးယူနိုင်တဲ့ နိုင်ငံတကာ ဥပဒေသက်ရောက်မှုအင်အားလည်း ဖြစ်နိုင်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ ကိုးကွယ်နေတဲ့ နိုင်ငံကြီးတွေနဲ့ အသေအချာညှိနှိုင်းပြီး အာဏာချိန်ခွင်ညှာကို ပြောင်းလဲအောင် လုပ်နိုင်ရင်လည်း အင်အားတခုဖြစ်နိုင်ပါတယ်။ တရားလက်လွတ်အနိုင်ကျင့်ခံနေရတဲ့ အရပ်သားရိုဟင်ဂျာတွေ၊ လူနည်းစုတိုင်းရင်းသားတွေကို အမြန်ဆုံး အကာအကွယ်ပေးဖို့ ကျင့်ဝတ်အရလိုအပ်တယ်ဆိုတဲ့ ကျင့်ဝတ်နဲ့ညီညွတ်တဲ့ နိုင်ငံတကာစွက်ဖက်မှုကလည်း အင်အားတခု ဖြစ်နိုင်ပါတယ်။
ဂျူးလူမျိုး ၆ သန်းလောက် အသက်ဆုံးရှုံးတဲ့အချိန်ထိအောင် စိုးရိမ်မကင်းစွာနဲ့ထိုင်ကြည့်နေခဲ့ဖူးတဲ့ ကမ္ဘာကြီးဟာ အခုလည်းပဲ ရိုဟင်ဂျာတွေ၊ ရခိုင်တွေ၊ ကချင်တွေ၊ ကရင်တွေ၊ ကရင်နီတွေ၊ ချင်းတွေ၊ ယောသူယောသားတွေ၊ အညာသူအညာသားတွေ တရားလက်လွတ် သတ်ဖြတ်ခံနေရတာကို ထိုင်ကြည့်နေကြတုန်းပါပဲ။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် ပိုစတာလူသားတွေ ဖန်တီးရုံနဲ့တင် တာဝန်ကျေပြီလို့ယူဆပြီး၊ မြန်မာ့အရေးကို ကမ္ဘာ့စင်မြင့်တွေပေါ်ကနေ မျက်မှန်စိမ်းကြီးတွေတပ်လို့ စိုးရိမ်မကင်း ထိုင်ကြည့်နေကြတုန်းပါပဲ။
မွန်မွန်မြတ်