
မြန်မာစပါးအုံးလို့ တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ကစားသမား အောင်လအန်ဆန်းဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲကို နိုင်ပွဲရယူပြီး နှုတ်ဆက်သွားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၄ ရက် ဒီနေ့ မနက် ထိုးသတ်ခဲ့တဲ့ ONE Championship ပွဲမှာ အောင်လက ဆွီဒင်ကစားသမား ကာဒက်စ်တန်ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားတာပါ။
ဒုတိယအချီ ၂ မိနစ်ကျော်မှာ အောင်လက လက်သီးတွေ တရစပ်ပစ်သွင်းပြီး ပြိုင်ဘက်ကို ထိုင်ကျသွားအောင် ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ONE Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချံပီယံဟောင်း အောင်လအန်ဆန်းဟာ ONE Championship ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွေမှာ ပွဲ ၂၀ ထိုးသတ်ခဲ့တာမှာ ၁၅ ပွဲနိုင်ပြီး ၅ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ နိုင်ပွဲကြောင့် ONE Championship က အောင်လကို ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ ထပ်ဆောင်း ပေးခဲ့ပါတယ်။
ကချင်လက်ဝှေ့ကျော် အောင်လအန်ဆန်းဟာ ဒီနေ့ နောက်ဆုံးနှုတ်ဆက်ပွဲ ယှဉ်ပြိုင်ထိုးသတ်ဖို့ အမဲလိုက်အက သီချင်းနဲ့ ပွဲထွက်လာတာမှာ ရော့ခ်အဆိုတော်ကြီး လေးဖြူ ကိုယ်တိုင် လာရောက် သီဆိုပေးခဲ့တာလည်း ဖြစ်ပါတယ်။