
ပဲခူးတိုင်း၊ ပြည်မြို့မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တယောက်ကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးနဲ့ မီးသတ်တပ်ဖွဲ့တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက ဗိုလ်ချုပ်လမ်းမပေါ်ရှိ အ.ထ.က (၄) ကျောင်းနဲ့ ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးက တပ်စု-၁၆ အရန်မီးသတ်တပ်ဖွဲ့စခန်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကို ဖုန်းခိုးတယ်ဆိုပြီး မီးသတ်ကလူတွေနဲ့ ရာအိမ်မှူးတို့က ရပ်ကွက်ရုံးမှာ ခေါ်ယူရိုက်နှက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကလေးက ရိုက်နှက်ချိန်မှာ သတိလစ်မေ့မြောသွားတဲ့အတွက် ပြည်မြို့ ဆေးရုံကြီးကို တင်ပို့ခဲ့ရတာပါ။ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတာကြောင့် ဆေးရုံမှာပဲ သေဆုံးသွားတာ။ ဆေးဝါးကုသမှုတောင် ကောင်းကောင်းမခံလိုက်ရပါဘူး။ ကလေးက ယောက်ျားလေးပါ” လို့ ပြောပါတယ်။
ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ ရာအိမ်မှူးနဲ့ မီးသတ်တပ်ဖွဲ့တွေက ကလေးမသေဆုံးမီ အစ်မဖြစ်သူကို နစ်နာကြေးပေးဖို့ ညှိနှိုင်းခဲ့ပေမဲ့ ကလေးငယ် သေဆုံးသွားတဲ့အတွက် လက်ရှိအချိန်မှာ ရိုက်နှက်ခဲ့သူတွေကို ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။
သေဆုံးကလေးနဲ့ နီးစပ်သူ ဒေသခံတယောက် “ရိုက်နှက်ခံရတဲ့ ကလေးငယ်က အစ်မဖြစ်သူနဲ့ အတူနေတာပါ။ အဲဒီကလေးက ရပ်ကွက်ထဲမှာ ခိုးယူတတ်တဲ့ ပြဿနာနဲ့ ဖြေရှင်းရတာ၊ ပြဿနာတက်တာမျိုး မရှိဘူးပါဘူး။ ကလေးကို ရိုက်နှက်တဲ့ ရာအိမ်မှူးကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပေါ့” လို့ ပြောပါတယ်။
ကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး မီးသတ်တပ်စုမှူး အပါအဝင် ရာအိမ်မှူး နိုင်ကြီးနဲ့ မီသတ်တပ်ဖွဲ့က ၁၂ ယောက်ကို ပြည်မြို့အမှတ် (၂) ရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။