
ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ဟံသာဝတီလမ်းနဲ့ ပိတောက်မြိုင်လမ်းဆုံရှိ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးရုံးကို စက်တင်ဘာ ၁၉ ရက်၊ ဒီနေ့ မနက် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေကြတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေကို Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်မှု ရှိနိုင်ပြီး အသေးစိတ် အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“ရုံးမှာ ရပ်ကွက်ကင်းစောင့်၊ ကင်းပတ် လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူ ၃ ကောင်လောက် ထိတယ်လို့ ကနဦး မြေပြင် သတင်းရပါတယ်။ ဆေးရုံကားတွေ ရောက်သွားတယ်လို့လည်း သိရတယ်။"
Operation Flame သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက "ပေါက်ကွဲပြီး ၁၂၄ ရပ်ကွက်ထဲရော၊ နီးစပ် ၁၃၃ ရပ်ကွက်ဘက်ရော စခ၊ ရခ၊ ပျူ အမြောက်အမြား ကင်းပတ်နဲ့ အစစ်အဆေး လုပ်ကြတယ်။ ဒီမနက်ထိ အဲ့ရပ်ကွက် ရုံးတဝိုက်ကို ပိတ်ဆို့ စစ်ဆေးတာမျိုးနဲ့ လမ်းသွား ပြည်သူတွေကို စစ်ဆေးတာမျိုး လုပ်နေကြတယ်”လို့ ပြောပါတယ်။
ဒီ စစ်ဆင်ရေးကို Operation Flame နဲ့ အတူ မဟာမိတ် Yangon UG People Army (YUPA) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Operation Flame အနေနဲ့ စစ်တပ်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝ လက်ခံမှာ မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေး မဟာမိတ်တွေနဲ့အတူ လက်တွဲပြီး စစ်တပ်ကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။