စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်နားထားခဲ့တဲ့ အော်ဂဲနစ်ထုတ်ကုန်တွေ သီးသန့်ရောင်းချတဲ့ စနေ၊ တနင်္ဂနွေဈေးကို အခုလ ၁၃ ရက်မှာ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)က ဦးစီးပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
အာဏာမသိမ်းခင်ကာလက ဈေးဖွင့်လှစ်ချိန်တွေမှာ လာရောက်ဝယ်ယူသူများပြားပြီး အထူးသဖြင့် ရန်ကုန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ပြည်ပခရီးသွားအများစု လာရောက်လည်ပတ်တဲ့ နေရာတခု ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ စိတ်ဝင်စားလာရောက်သူ နည်းပါးတယ်လို့ သိရပါတယ်။
ဈေးမှာ ပါဝင်ရောင်းချနေသူတယောက်က “အရင်နဲ့ အခုဘာကွာလဲဆိုတော့ လာတဲ့သူ နည်းသွားတာပေါ့။ ပြည်ပခရီးသွားနည်းသွားတာရယ်၊ ထိုးတက်လာတဲ့ကုန်ဈေးနှုန်းတွေအရ လူတွေလည်း အရင်လို မသွားမလာကြတော့တာလည်းပါမှာပေါ့” လို့ ပြောပါတယ်။
ဈေးကို ရန်ကုန်မြို့၊ ကန်တော်ကြီး မြေပဒေသာကျွန်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေ ဖွင့်လှစ်သွားမှာဖြစ်ပြီး အော်ဂဲနစ်၊ GAP နဲ့ သဘာဝနည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ထုတ်ကုန်တွေ ရောင်းချသွားမယ်လို့ သိရပါတယ်။