
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ စက်တင်ဘာ ၁၃ ရက်၊ မနေ့မွန်းလွဲ ၁ နာရီလောက်က KG ကျောင်းသားလေးတယောက် ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာတောင်ဘက်ခြမ်း တောင်ညိုချောင်းထဲမှာ နေရနစ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၆ နှစ်အရွယ် မောင်ရှိုင်းသူရအောင် ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို သိသူတယောက်က “မိဘတွေအိမ်မှာမရှိဘဲ အဘွားဖြစ်သူ ဒေါ်ခင်ငြိမ်းဆိုသူနဲ့ နေခဲ့တာလို့သိရတယ်။ အဘွားက ကလေးကိုအိမ်ထဲမှာ မတွေ့တာကြောင့် လိုက်ရှာရင်း နေအိမ်တောင်ဘက်က တောင်ညိုချောင်းထဲရှိ ရေအိုင်အနီးမှာ ကလေးရဲ့ဖိနပ်ကို အရင်တွေ့လို့ လူကိုလိုက်လံရှာဖွေရင်း ရေအိုင်ထဲမှာပဲ ရေနစ်သေဆုံးတာကို တွေ့ရတာ” လို့ ပြောပါတယ်။
မောင်ရှိုင်းသူရအောင်ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးဖို့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို သုခဒါနလူမှုကူညီရေးယာဉ်နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၃၀ ရက်ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇီးရိုင်းရွာမှာ အသက် ၄ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးငယ် ၂ ယောက် ရေနစ်သေဆုံးခဲ့သေးတယ်လို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၃ ရက်ကလည်း ပဲခူးမြို့မှာ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တယောက် ရေထဲပြုတ်ကျပြီး ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။