
ခပ်မြန်မြန် ရွေ့တော့မယ်မှန်း မျှော်လင့်ထားပြီးဖြစ်ပေမဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကမ္ဘာထဲ ရှေ့တလှမ်းတိုးဖို့ ခဏမေ့သွားတယ်။
စက်တင်ဘာ ၁ ရက်၊ ညနေမှာ ဗိုလ်ကွန် ဆုံးသွားပြီတဲ့။ အပြေးသန်လှတဲ့ သတင်းဆိုးက ချက်ချင်းဆိုသလို လိုင်းပေါ်တက်လာ။ ဗိုလ်ကွန် ဆိုတာက ကျနော်တို့ရဲ့ အစ်ကိုတော် ကဗျာဆရာ ကွန်စစ်ကောင်း။
ဩဂုတ်လတုန်းကပဲ အဖေ့မီးစာဟာ အသံယဲ့ယဲ့၊ အဖေ့ မောဟိုက်သံတွေကြောင့် အလိုက်တသိနဲ့ ဖုန်းချပေးနေရတယ်လို့ ဝေးမြေလျှိုမြောင်ကြားကနေ အနာဂတ်သို့ချီနေတဲ့ ရဲရင့်ရဲ့ စာကို ဖတ်လိုက်ရ။ ပြီးတော့ ရက်ပိုင်းပဲ ကြာမယ်ထင်တယ်။ ဗိုလ်ကွန် ဆေးရုံပေါ် ရောက်နေပြီဆိုတဲ့ သတင်းနဲ့အတူ နောက်ဆုံးအချိန်ဆိုတဲ့ အထူးပြု ပြောသံဆိုသံကိုလည်း ခပ်ရှရှ ကြားခဲ့ရတယ်။
ကိုမိုးဦး(ကဗျာဆရာ မိုးဦးဆွေညိန်း) တို့ ရောက်သွားတယ်။ ကင်ဆာ အတွင်းနာ သက်သာလို သက်သာငြား ဆေးတွေ၊ ပိုက်တွေ၊ အောက်စီဂျင်တွေ၊ နင်လား ငါလား မနက်ဖြန်တွေရဲ့ကြား ဗိုလ်ကွန် ဆတ်ခနဲ နိုးလာ၊ ကိုယ့်လူတွေ ရောက်လာတာ မြင်ရတော့ ကျေနပ်နေတဲ့အပြုံးနဲ့ နှုတ်ဆက်။ ကိုယ့်လူတွေ ရောက်အောင်လာကြတယ် ဆိုပြီး ဗိုလ်ကွန် ကျေနပ်သွားတဲ့ပုံ။ ဗိုလ်ကွန်က ရာသက်ပန် ဒီကဗျာတောထဲ ဒီလူတွေကိုပဲ သိပ်မင်ခဲ့တယ် မဟုတ်လား။
အဲဒီလိုနဲ့ ဗိုလ်ကွန် ရွေ့သွားတယ်။ အင်မတန် နှစ်လိုဖွယ် ဗိုလ်ကွန်ရဲ့အပြုံး ကျနော့်မျက်လုံးထဲ တန်းခနဲ ဝင်လာတယ်။ ပြီးတော့ နှစ်အတော်ကြာ ဗိုလ်ကွန် လွယ်နေကျ အိတ်အမည်း ရှိသေးလားလို့လည်း သတိရမိတယ်။
ဆေးရုံမတက်ခင် လပိုင်းလေးမှာပဲ မြောက်ဒဂုံ လက်ဖက်ရည်ဆိုင်မှာ ကိုယ့်လူတွေ ဆုံကြသေးတယ် ဆိုတော့ အဲဒီတုန်းက ဗိုလ်ကွန် လွယ်နေကျ အိတ်အမည်း ပါလာသေးလားလို့ ဆရာမောင်လင်းရိပ်ကို လှမ်းမေးမိ။ အိတ်အမည်းလည်း ပါမလာ၊ အသွားအလာက လူတွဲနဲ့၊ အားနည်းနေရှာပြီဆိုပေမဲ့ သူ့အသံမာဆဲ။ အဲဒီနေ့က သူတို့ဖွဲ့နွဲ့ကြတဲ့ ဓာတ်ပုံကို မြင်တော့ ဗိုလ်ကွန့်အပြုံးတွေက အရင်လို နှစ်လိုဖွယ် တရွေးသားမျှ မလျော့။ လူက မမာတော့ပေမဲ့ စိတ်က မာမာချာချာ။
“အဲဒီရက်လောက်ကတည်းက အားနည်းနေပုံပဲ။ ရင်နီ(ကဗျာဆရာရင်နီ) က ပြောတော့ ကျနော် သိပ်မယုံလေ။ ဘာကြောင့်ဆို ကျနော်နဲ့ ဖုန်းပြောတဲ့အခါ သူ့အသံက မာမာချာချာ ရွှင်ရွှင်လန်းလန်းကိုး”တဲ့။ မောင်လင်းရိပ်ရဲ့ မှတ်ချက်။ အသက်ရှူရတာ ခက်လာ၊ နေ့လား ညလား နောက်ဆုံးအချိန်မှန်း သူ့ကိုယ်သူ သိနေပေမဲ့ ဗိုလ်ကွန် စိတ်မကျ အသံမတိမ် မျက်နှာမပျက် အေးဆေး။
ဗိုလ်ကွန်ရဲ့ နောက်ဆုံးနေ့တွေကို အဲဒီလိုကြားရတော့ ၂၀၁၁ ခုနှစ်မှာ ကွယ်ခဲ့တဲ့ ကျနော်တို့ရဲ့ လက်မရွံ့ ကဗျာဆရာ လှသန်းကို သတိရမိတယ်။ (ကို)လှသန်း ဆိုတာ ရမ်းရမ်းကားကား မထီမဲ့မြင်၊ မီးတောက်နေတဲ့ ဒီခေတ်ဆိုးကြီးကို ခပ်ရင့်ရင့် စိန်ခေါ်ခဲ့တဲ့ ကဗျာဆရာ။ သေတော့မယ် ဆိုတော့လည်း မျက်နှာတချက်မပျက်။ လှသန်းရဲ့ ရှင်သန်မှုစတိုင်အတိုင်း သေခြင်းတရားကိုလည်း ခပ်ရင့်ရင့်ပဲ၊ အေးဆေးပဲ။
ဗိုလ်ကွန်ကလည်း အဲဒီလိုပဲ။ သူ့ရဲ့ အင်မတန်နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးက လျော့ရဲသွားတာမျိုး မရှိဘဲ အေးအေးဆေးဆေး ရွေ့သွားတယ်။ ဗိုလ်ကွန်အရွေ့ သူ့နာရေးမှာဝေတဲ့ သူ့ဘဝ သူ့ပုံရိပ်တွေကို ဖတ်ရမှပဲ ဗိုလ်ကွန်ရဲ့နာမည် ဦးကျော်မြင့်ဆွေမှန်း ကျနော် သိရတယ်။ ပြီးတော့ ၁၉၅၃ ခုနှစ်ဖွား တပ်ကုန်းသား ဆိုတာလည်း အခုမှသိရ။ ၁၉၅၃ ဆိုတော့ ဗိုလ်ကွန့်အသက်က ၇၂ နှစ်ကြီးများတောင်။ ကျနော့်အဖေနဲ့ သိပ်မကွာ။ ဗိုလ်ကွန်ကို ၇၂ နှစ် ရှိမယ်လို့ ကျနော် မထင်။ ဗိုလ်ကွန့်ရဲ့ တချိန်က ကလောင် မောင်လင်္ကာ (ရွာဦးကျောင်း) ဆိုတာကိုလည်း ကြားခဲ့ဖူးတယ် ဆိုရုံ။ တခါက ကျနော်ရယ် ကြည်ဇော်အေး (ကဗျာဆရာကြည်ဇော်အေး/ကွယ်လွန်) ရယ် ဗိုလ်ကွန်ရယ် ဆုံခိုက် ဘုန်းကြီးကျောင်းသားကီးနဲ့ မောင်လင်္ကာ(ရွာဦးကျောင်း) ကနေ သိပ်ကို ဂေါ်နေတဲ့ ကွန်စစ်ကောင်း ဘယ့်နှယ်ဘယ်လို ဖြစ်လာတာလဲလို့ ကျနော် မေးကြည့်မိ။ ခပ်ရှက်ရှက်နဲ့ ခပ်ဖွဖွလေး ဗိုလ်ကွန် ပြုံးလာတာ တွေ့ခဲ့ဖူးတယ်။
ကျနော့်အတွက် သိပ်ဂေါ်နေတဲ့ အဲဒီ ကွန်စစ်ကောင်း ဆိုတဲ့ ကလောင်ကြောင့်ပဲ ကဗျာရူး စာရူးဘဝ ကတည်းက စိတ်ထဲ စွဲစွဲထင်ထင်။ ၂၀၀၆ ခုနှစ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ဗိုလ်ကွန် ပင်လယ်များကို ဖြတ်တဲ့အချိန် (ပင်လယ်များကို ဖြတ်သန်းခြင်း-ကိုယ်တိုင်ရေး ကဗျာဆရာဘဝ ဖြတ်သန်းမှု) ဖြတ်သွားဖြစ်လာ နည်းနည်းပါးပါး ခင်ခင်မင်မင်။
ဗိုလ်ကွန်ရဲ့ ငယ်ဘဝ ကဗျာပင်လယ်က လှိုင်းတံပိုးတွေ ဝုန်းဒိုင်း၊ အိမ်ခြေယာခြေမဲ့ဘဝ။ လက်ဖက်ရည်ဆိုင်ထဲခို၊ ပန်းခြံတွေထဲထိုင်၊ ခင်ရာမင်ရာ အိမ်တွေထဲ အညောင်းဆန့်။ တချို့ညတွေမှာ ရန်ကုန်ဘူတာကြီး ပလက်ဖောင်းပေါ်ခွေ၊ တခါတလေ ရန်ကုန်မြို့တွင်း ဘောလုံးကွင်း မြက်ခင်းပြင်။ လက်ဖက်ရည်တခွက်တည်းနဲ့ တနေကုန်၊ ငှက်ပျောသီး ၂ လုံးလောက်၊ ပဲကြီးလှော် ၁ ထုပ်၊ ၂ ထုပ်လောက်နဲ့ ကိုက်ခဲနေတဲ့ အစာအိမ်ကို ကြံ့ကြံ့ခံ။ ကျနော့်အတွက်တော့ တကယ့်ကို ကျွတ်စဉ်ကြီး။
မှတ်မှတ်ရရ၊ အဲဒီ ၂၀၀၆ ဝန်းကျင်ကာလ မိန်းမယူဖို့အရေး အတွေးပေါင်းစုံနဲ့ ကျနော် တွန့်ဆုတ်နေတဲ့အချိန် ဗိုလ်ကွန့်ပင်လယ်ကို ဖတ်လိုက်ရတော့ “ဘာပဲဖြစ်ဖြစ် မိန်းမရလို့ အဆင်မပြေဖြစ်လည်း သူ့လောက်တော့ ဆိုးစရာမရှိဘူး” လို့ အတွေးဝင် ရဲဆေးတင်ပေးလိုက်သလို။
နောက်ပိုင်း ဗိုလ်ကွန်နဲ့ အစ်ကိုကြီး၊ ညီလေး ဖြစ်လာတဲ့အချိန် အဲဒီအကြောင်း ပြောပြမိ။ “ကျနော် ရေးတာထက် ဆိုးတာတွေ အများကြီးကျန်သေးတယ်။ ထည့်မရေးဖြစ်တာ” လို့ ဗိုလ်ကွန်က ပေါ့ပေါ့ပါးပါး ပြောပြတော့ ဒီလူကြီး လောကဓံပြီးနေပြီလားလို့ ကျနော်ငေးကြည့်မိ။
ဗိုလ်ကွန့်အတွက် လောကဓံ ဆိုတာ သိပ်အေးဆေးလွန်းတယ်။ ဗိုလ်ကွန့်ရဲ့ ကဗျာဆရာဘဝတလျှောက် လောကဓံ ဆိုတာကြီးက ထီးတော်မိုးပမာ ထက်ကြပ်မကွာ စောင့်ရှောက်ခဲ့ပေမဲ့ ပြာယာခတ်နေတဲ့ ဗိုလ်ကွန်ကို တခါမှ မမြင်ဖူးခဲ့။ ဒီလောကဓံလမ်းပေါ်မှာ ကြောင်တကောင်ပမာ ဖွဖွကလေး ခြေသံလုံလုံ။
ဗိုလ်ကွန်တို့ ဘယ်လောက်တောင် ခြေသံလုံခဲ့သလဲဆိုတော့ အဆင်မပြေမှုတွေကို တကြိမ် တခါမှ ထုတ်ညည်းတာမျိုး မကြားခဲ့ဘူးတာ ကိုယ်မှမဟုတ်၊ ဒီကဗျာတောထဲက ကိုယ့်လူတွေအကုန် မကြားခဲ့ဖူးရုံတင်မက ကိုယ့်ဒုက္ခ ဘယ်သူ့ဆီကိုမှ ပုံမချခဲ့တာလည်း ဗိုလ်ကွန်ရဲ့ ထင်ရှားတဲ့ အမှတ်အသား။ ကျနော် ဦးညွှတ် လှိုက်လှဲရတယ်။
ဗိုလ်ကွန် ကင်ဆာဖြစ်တယ်။ မအောင်မြင်တဲ့ စစ်အာဏာသိမ်းကာလ ရန်ကုန်မှာ အလုပ်ရှိသူတွေတောင် ပြာခါနေရတဲ့အချိန် နောက်တခက် ဆေးဖိုးတွေနဲ့ ဗိုလ်ကွန် ဘယ်လောက် ခက်ခဲလိုက်လေမလဲ၊ ဒါပေမဲ့၊ ဗိုလ်ကွန်ရဲ့ ထုံးစံအတိုင်း လူသိရှင်ကြား တချက် မညည်းညူ။
၂၀၂၄ ခုနှစ်က ရန်ကုန်မှာ ဗိုလ်ကွန် သောက်နေကျ ကင်ဆာဆေးတချို့ ပြတ်လို့ တိုင်တွေပတ်နေကြောင်း မောင်လင်းရိပ်နဲ့ စကားစပ်မိ သိရှိ။ ဒီဘက်မှာ အဲဒီဆေးတွေရှိရင် ဝယ်ပို့ပေးမလို့ ဗိုလ်ကွန့်ဆီ ဆေးဘူးဓာတ်ပုံတွေ လှမ်းတောင်းပြီး လိုက်ရှာခဲ့ပေမဲ့ လုံးဝမရှိ။ အကျိုးအကြောင်း လှမ်းပြောပြတော့ ဗိုလ်ကွန်က “ဘယ်လိုပဲဖြစ်ဖြစ် အကူအညီပေးဖို့ ကြိုးစားတာကိုပဲ ကျေးဇူးတင်လှပါပြီ” တဲ့။ ကျနော် ဆတ်ခနဲ နင့်ရ။
ကင်ဆာကို ဗိုလ်ကွန် ၂ နှစ်ကျော်ကြာ တောင့်ခံ ဖြတ်သန်းခဲ့တယ်။ ကိုယ်တွေ လောကထဲ နေ့စဉ်မပျက် တစွတ်စွတ်နဲ့ မော့တဲ့သူတွေက မနည်းလှတာမို့ ဗိုလ်ကွန်ကို မြင်ဖူးရုံ စာသမားတဦးက အရက်ကြောင့် အသည်းကင်ဆာလားလို့ ထင်မိ။ အရက် လုံးဝမသောက်သူ တဦးလို့ ပြောပြတော့ သူ မြင်ဖူးတဲ့ ဆရာကွန်က သောက်မယ့်စားမယ့် ပုံပါလို့ ပြောတာကြောင့် ဗိုလ်ကွန်နဲ့ ကျနော် ကျွမ်းဝင်ခါစ ရှေးသရောအခါက တညနေကို သတိရမိပြန်တယ်။
အဲဒီတုန်းက ရန်ကုန်မြို့တွင်း ၄၅ လမ်းထဲက ပိတောက်ပွင့်သစ်ရုံးခန်းကနေ ပန်းဆိုးတန်းဘက် ပြန်ချီတက်လာစဉ် နည်းနည်းပါးပါး ကစ်ရအောင်ဆိုပြီး စကားစလိုက်တော့ ဗိုလ်ကွန်က ‘ကျနော် မသောက်ဘူး၊ လိုက်ထိုင်ပေးမယ်’ လို့ ဆိုတယ်။ ကျနော်က ငွေမပါလို့ အားနာစိတ်နဲ့ မသောက်ဘူး ပြောနေတယ် ထင်တာကြောင့် ‘ကျနော် တိုက်မှာ၊ အားမနာနဲ့ သောက်’ လို့ ဇွတ်ပြောနေလေတော့ သူ အမှန်တကယ် မသောက်တတ်ကြောင်း ၂ ခါ၊ ၃ ခါ အသေအချာပြောပြ။
“ဗိုလ်ကွန်ရုပ် ကြည့်ပြီး နေ့တိုင်း ချမယ်လို့ ကျနော် ထင်ထားတာ”
“အေးဗျာ၊ ကျနော့်ရုပ်ခံက တခြားသူတွေလည်း ကျနော့်ကို အဲဒီလို ထင်ကြတယ်” လို့ ဆိုတော့ ကျနော်တို့ ရယ်မောခဲ့ကြရတယ်။
အခုတော့ သေရည်ကို လျှာပေါ်မတင်ဘူးတဲ့ ဗိုလ်ကွန်က အသည်းကင်ဆာနဲ့။ ဘာ့ကြောင့် ဒီကင်ဆာကြီး ဖြစ်ရတာလဲလို့ စာသမားမိတ်ဆွေက ကျနော့်ကို မေးတော့ လောကဓံတွင်းနက်ထဲမှာ မီးပြင်းတိုက်ခံရတဲ့ ကဗျာဆရာဘဝ မဟုတ်လားလို့ ကျနော် နားလည်သလို ဖြေခဲ့တယ်။
ဗိုလ်ကွန့်အတွက် လောကဓံဆိုတာ သိပ်များလွန်းခဲ့တယ်။ ဒါပေမဲ့ အဲဒီလောကဓံတွေကို အသာအယာ သပ်ချခဲ့ရုံတင်မက စစ်အာဏာရှင်တွေကို ခြွင်းချက်မရှိ ရန်-ငါစည်း အပြတ်။ သူ့ကဗျာ လေသံမာ၊ ဒီခေတ်ဆိုးကြီးကို ဒီကဗျာတွေနဲ့ ဝင်တိုက်။ ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ကျနော်တို့အလံတော် အတူလွှင့်ကာ သွေးချင်းနီးခဲ့ကြတယ်။
ဗိုလ်ကွန် ဆိုတာ ဗိုလ်ကွန်ပဲ။ အောင်မြင်မှု ဆိုတာကို ကျပ်မပြည့်တဲ့ဝေါဟာရလို့ ဖွင့်ဆိုတယ်။ နာမည်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ကို ချေးထက်တောင် ရွံရှာတာ ကွန်စစ်ကောင်းရဲ့ လေးနက်တဲ့ အဓိပ္ပာယ်။ လူသာ သေရင် သေသွားမယ်။ ကဗျာတွေကတော့ မသေ၊ ကဗျာတွေ ဆက်တက်ကြလို့ သူ့သေတမ်းစာမှာ အမိန့်ပေးခဲ့တယ်။
ပြီးတော့ ခင်ဗျားတို့ ကျနော်တို့ သေတဲ့အခါ သေတတ်အောင် သွေးကြီးကြီးနဲ့ ဗိုလ်ကွန် သေပြသွားခဲ့တယ်။
လွှမ်းရုံ