
မင်းသုဝဏ်
စာမွန်တွေရေးခဲ့။
“စု” သခင်အောင်မြင်ရေးကိုလ
သူ့အရွယ်နေဝင်နီးပေမယ့်
ပြည်တခွင်သာစေရေးမျှော်လို့
အရေးတော်ဝန်ကိုထမ်းကာပ
အားကုန်လှမ်းခဲ့။ ။
စာဆိုတော်ကြီး ဆရာကြီး မင်းသုဝဏ်ဟာ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ၉၅ နှစ် ရှိပါပြီ။ အခု ၂၀၂၅ ဩဂုတ် ၁၅ မှာ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ရှိပါပြီ။ သူဟာ ၈၈၈၈ အရေးတော်ပုံကြီးကို ကဗျာတပုဒ်ရေးသား ဂုဏ်ပြုခဲ့တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် သမိုင်းဝင် မွေးနေ့ကဗျာ ရေးခဲ့သူ၊ ၈၈၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် တိုက်ပွဲဝင်ကဗျာတွေ ရေးပေးခဲ့သူပါ။
ဒါ့အပြင် သူ့စာ သူ့ကဗျာတွေမှာလည်း အသက် ၁၃ နှစ်ကစ ကဗျာရေးခဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာပြည်အတွက် တန်ဖိုးရှိလှတဲ့ ကဗျာစာအုပ်တွေ၊ လုံးချင်းစာအုပ်တွေလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့စာပေသမိုင်းအတွက် ကြီးမားတဲ့ ကျေးဇူးရှင်ကြီးတဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူပါ။ အနိုင်ရမဲ အရေအတွက် ၂၃,၃၄၅ (၇၆ ရာခိုင်နှုန်း) ဖြစ်တယ်။ စစ်တပ်က ကတိမတည်ဘဲ ဖိအားပေးခဲ့တာကြောင့် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ရဲ့ အမုန်းခံရသူ ဖြစ်ခဲ့ပါတယ်။ ဟိုးတချိန်ကလည်း ဆရာကြီး မင်းသုဝဏ်ဟာ ရန်ကုန်တက္ကသိုလ်မှာ လက်ထောက်ကထိကတဦး ဖြစ်စဉ်က ကျောင်းသားဖြစ်ခဲ့တဲ့ ဦးနေဝင်းကို ကျောင်းထုတ်ပစ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဦးနေဝင်း အာဏာရှင် ဖြစ်လာချိန်မှာ သူ့ကို ဖိအားတွေပေးတာလည်း ခံခဲ့ရပါတယ်။ စစ်အစိုးရ ဖိအားပေးမှုတွေကြောင့် ရွေးကောက်ပွဲ အနိုင်ရပြီး ၈ နှစ်အကြာမှာ ပါတီဝင်ကနေ နုတ်ထွက်ခဲ့တယ်။ ၂၀၀၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့ ရန်ကုန်၊ ကမာရွတ် သပြေညိုနေအိမ်မှာ ကွယ်လွန်တယ်။ အခု ၂၁ နှစ်ရှိပါပြီ။
မွေးနေ့ဆုတောင်း
ပြည်သူ့ အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့ အရှင်ကို
မွေးသောနေ့မှာ၊ တို့ သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျို အိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။
မင်းသုဝဏ်
၁၉-၆-၉၀
ဒီကဗျာရေးတာဟာ ဒေါ်အောင်ဆန်းစုကြည် ၄၅ နှစ်မြောက် မွေးနေ့အတွက်ပေါ့။ ဆရာကြီးဟာ ၈၈၈၈ အရေးတော်ပုံကြီးမှာလည်း အစာငတ်ခံ ကျောင်းသားတွေဆီ သွားခဲ့ပြီး ၈၈၈၈ ဂုဏ်ပြုကဗျာတပုဒ်ကို ရေးခဲ့ပါသေးတယ်။ သူ့အသက် ၈၀ ကျော်အရွယ်မှာ ရေးတဲ့ကဗျာပေါ့။ ဦးနေဝင်းနဲ့ ကျောင်းတော်က ရန်စရော၊ စစ်အုပ်စုက မကြိုက်တဲ့ အမေစုကဗျာ ရေးသားမှုရော၊ အောက်ပါ ၈၈၈၈ ကဗျာ ရေးမှုရော ပေါင်းလိုက်ရင် အာဏာရှင်ရဲ့ အပြစ်ပေးဒဏ် ခံခဲ့ရမယ့်သူပေါ့။ ဒါပေမဲ့ ဆရာတင်မိုးလို ကဗျာရေးမှုနဲ့ ထောင် ၄ နှစ်တော့ မကျခဲ့ပါဘူး။ ဒါပေမဲ့ သူ့စာတွေကိုတော့ အပိတ်ခံခဲ့ရတာပါ။
ကမာရွတ် ပြည်လမ်းဆုံ အစာငတ်ခံ ဆန္ဒပြသူများသို့
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အမိုးမရှိ၊ လွင်တိတိတွင်
အမိမနီး၊ ဖမနီးနှင့်
ရေစီးထဲမှာ ထိုင်နေပါသည်။
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အစာမစား၊ လွန်စွန့်စားကြ။
အစာမစား၊ လွန်စွန့်စားသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
စိတ်အားကိုမွေး၊ မိုးအေးအေး၌
မငေးမငိုက်၊ မေးခိုက်တုန်လျက်
ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်
ငါ့ရင်ကွဲမျှ၊ ခံစားရလည်း
မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု
သိရသောအခါ၊ ငါ ဝမ်းသာသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု
တောင်းဆုခြွေလိုက်ရပါ၏ဗျား။ ။
မင်းသုဝဏ်
၁၆-၉-၈၈
မနက် ၆ နာရီ၊ ထွန်းလင်းရိပ်သာ
အမေစု NLD နဲ့ ပြည်သူ့အတွက် ကဗျာရေးပြီး ကူညီခဲ့သူ
၂၀၁၉ ခုနှစ်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ (အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ် နှစ် ၁၁၀ ပြည့် မွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် သူတို့မြင်သော မင်းသုဝဏ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား) မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တယ်။
“ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ နှစ် ၁၁၀ မွေးနေ့မှာ ဆရာကြီးအကြောင်းကို ပြောခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူပါတယ်။ ဆရာကြီးဟာဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ စာပေ၊ လူမှုရေး၊ နိုင်ငံရေး အဘက်ဘက်မှာ ပါဝင်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားများ စိတ်အားထက်သန်ဖို့အတွက် ကဗျာကနေတဆင့် ကူညီမစပေးတဲ့ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါတယ်။ ဆရာကြီးကို ကျမတို့ကနေပြီးတော့ အထူး ကျေးဇူးတင်တာကတော့ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တယောက် အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တချို့က ဒါကို ဝေဖန်ကြတယ်။ စာပေသမားတယောက်ဟာ နိုင်ငံရေးထဲမှာ မပါရဘူးတဲ့။ အဲဒါကို ကျမ သဘောမတူပါဘူး။ စာပေသမားတွေလည်းပဲ တခြား ပြည်သူပြည်သားတွေနည်းတူ နိုင်ငံအပေါ်မှာ တာဝန်ရှိပါတယ်။ အဲသည် တာဝန်သိစိတ်နဲ့ ဆရာကြီးဟာ ကျမတို့ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက် ပါဝင်ပြီးတော့ လုပ်ဆောင်ပေးခဲ့တာကို ကျမ ဂုဏ်ယူရုံတင်မကဘူး၊ အင်မတန်မှလည်း ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ ကျမတို့နိုင်ငံမှာ ရှိကြတဲ့ စာပေသမားတွေအတွက်လည်း စံနမူနာတခုလို့ ကျမက ထင်ပါတယ်။ စာပေသမားများဟာ တခြားနိုင်ငံသူ နိုင်ငံသားတွေနဲ့မတူ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံတကာ နိုင်ငံတော်ရဲ့အရေးဖြစ်လို့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အရေးလည်း ဖြစ်ပါတယ်။”
NLD အတွက် မင်းသုဝဏ်ကဗျာများ
ခွပ်ဒေါင်းရဲ့အိုးဝေ
တို့မြေရဲ့ ချိုတေး။
ကြယ်ဖြူလို ဘယ်သူဝင့်နိုင်ပါ့
တင့်လှတယ်လေး။ ။
မင်းသုဝဏ်
NLD အလံကို စပ်ဆိုထားတဲ့ ကဗျာပါ။ NLD မှာ ၁၉၉၀ ရွေးကောက်ပွဲ မဲဆွယ်ရေး ကဗျာတွေ ဆောင်ပုဒ်တွေကိုလည်း ရေးခဲ့ပါသတဲ့။ ဒီနေရာမှာ ဆရာမင်းသုဝဏ်ကဗျာတွေဟာ တခါတရံ ကဗျာဆရာအမည်မတတ်ဘဲ ဆိုင်းဘုတ်တွေ၊ Slogan တွေမှာ ရေးသားနေခဲ့တော့ မင်းသုဝဏ်ကဗျာမှန်း မသိကြဘူးတဲ့။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးကတော့ သိတာပေါ့။ ဒါက ဆရာတင်မိုး ပြောပြခဲ့တာပါ။ NLD ကို ထောက်ခံ၊ NLD အတွက် ကဗျာတွေရေးတော့ မင်းသုဝဏ်အပေါ် စစ်ထောက်လှမ်းရေးကလည်း ပိုအငြိုးထားခဲ့တာပေါ့။
“ငုနဲ့ပိတောက် နွေမှာလှိုင်မည်။”
“စုနဲ့ခမောက် မေမှာနိုင်မည်။ ။”
၁၉၉၀ မေ ရွေးကောက်ပွဲအတွက် ကဗျာလေးပါ။ ကဗျာဆရာကြီး တင်မိုးရဲ့ လက်ရာပါ။ ခမောက်ပုံကတော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ NLD ပါတီရဲ့ တံဆိပ် သင်္ကေတ။ အဲသည်အချိန်က စစ်တပ်ပါတီဖြစ်တဲ့ တစည ပါတီတံဆိပ်က စပါးနှံပါ။ အခုတော့ စစ်တပ်ပါတီက ပြည်ခိုင်ဖြိုးပေါ့။ ၁၉၉၀ ရွေးကောက်ပွဲမှာ ခမောက်ကို မဲပေးဖို့ လှုံ့ဆော် ရေးသားထားတဲ့ မင်းသုဝဏ် ကဗျာကတော့....
ခမောက်ဘေးမှာ ကြက်ခြေခတ်
ပြည်သူ့အောင်ပွဲမှတ်။ ။
မင်းသုဝဏ်၏ ဆုံးဖြတ်ချက်
၉၀ ရွေးကောက်ပွဲအပြီး တနေ့မှာ ဆရာကြီးမင်းသုဝဏ် ဒေါသထွက်နေသတဲ့။
NLD ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝန် အိမ်ကို အင်္ကျီဖြူနဲ့ တိုက်ပုံတွေ ဝတ်ထားတဲ့ စစ်ထောက်လှမ်းရေးတွေက နေ့တိုင်းလာတယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေ နုတ်ထွက်ပေးဖို့ လာကြပ်နေကြတာလေ။ ခဏခဏ လာပြောပြောနေတော့ ဒေါသထွက်တာပေါ့တဲ့။ ဆရာကြီးကို စာပေရေးပဲလုပ်ပါ။ နိုင်ငံရေးမလုပ်ပါနဲ့။ NLD က နုတ်ထွက်ပေးပါ။ NLD ကမာရွတ် လွှတ်တော်ကိုယ်စားလှယ်က နုတ်ထွက်ပေးပါပေါ့။ နေ့စဉ်လာနေတော့ ဆရာကြီးကလည်း စိတ်မရှည်တော့ဘူး။ နောက်ဆုံးတော့ NLD ကိုတော့ ငါ့သဘောနဲ့ ငါဝင်တာမို့ နုတ်ထွက်လိုက်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကတော့ ငါ့ကို ကမာရွတ် ပြည်သူလူထုက ရွေးထားတာမို့ ငါ နုတ်ထွက်လို့မရဘူး။ ပြည်သူလူထုက ထွက်ခိုင်းမှ ထွက်ပေးမယ်။ ဒီတော့ မင်းတို့ ဖမ်းချင်ဖမ်း သတ်ချင်သတ် ငါ့စာအုပ်တွေလည်း ထုတ်ဝေခွင့် ပိတ်ချင်ပိတ်၊ ငါ့စာ ငါကဗျာတွေလည်း မဂ္ဂဇင်း ဂျာနယ်တွေမှာ ထည့်ခွင့် ပိတ်ချင်ပိတ်၊ ငွေမင်သုတ်ချင်သုတ်၊ ဆုတ်ဖြဲချင်လည်း ဆုတ်ဖြဲကြကွ။ လုပ်ချင်သလိုလုပ်။ ငါကတော့ ကမာရွတ် လွှတ်တော်ကိုယ်စားလှယ်က မထွက်ပေးဘူးလို့ ပြောလိုက်သတဲ့။ ဒီစကားဟာ အဲသည်အချိန် ကျနော်တို့ ကျောင်းသားတပ်မတော်ဌာနချုပ် ဒေါင်းဂွင်အထိတောင် ရောက်လာခဲ့ပါတယ်။
မင်းသုဝဏ်ကို အတုယူကြ
ဆရာကြီး ဦးဝန်ခေါ် မင်းသုဝဏ် ဘဝအကြောင်းတွေ ကွမ်းခြံကုန်းအစ အောက်စဖို့ဒ် တက္ကသိုလ်တွေ၊ ဂျပန်တက္ကသိုလ်တွေအကြောင်း စာရှည်မှာမို့ မပြောတော့ပါ။ လယ်စောင့်တဲလေး ကဗျာမှသည် ဖိုးမောင်လာပြီ၊ ပျဉ်းမငုတ်တိုတွေ အထိလည်း မဆိုချင်တော့ပါ။ အခုလို စု ၈၀ မွေးနေ့အလွန် ၈၈၈၈ (၃၇) နှစ် ကာလတွေမှာ ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်ကို သတိတရ လေးစားနေမိပါတယ်။ ကဗျာဆရာ စာရေးဆရာကြီးတွေ တချို့ဟာ စစ်အာဏာရှင်အောက် လျှိုဝင်သွားခဲ့ကြတာ ရှိခဲ့တယ်။ ဝမ်းနည်းစရာပါ။ ဆရာတင်မိုးတို့လို၊ ဆရာကြီး မောင်စွမ်းရည်တို့လို အစရှိသဖြင့် တော်လှန်ကဗျာဆရာတွေလိုပဲ ဆရာကြီး မင်းသုဝဏ်ဟာလည်း တော်လှန်ကဗျာဆရာအဖြစ် သမိုင်းဝင်ခဲ့ပါပြီ။ ဒါကြောင့် မင်းသုဝဏ် ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်မှာ မင်းသုဝဏ်ကို အတုယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မောင်တူး
ကိုးကား
မောင်စွမ်းရည် - ဆရာကြီးမင်းသုဝဏ်ရဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကဗျာတပုဒ် (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၉
မောင်တူး - စုအရှင် နှင့် သုဝဏ် (ဒီဗွီဘီ) ဩဂုတ် ၁၇၊ ၂၀၂၃
ဧရာဝတီ မင်းသုဝဏ် ဆောင်းပါးများ