Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးရေးသွားသည့် PPP ပါတီ ပြည်နယ်ဥက္ကဋ္ဌ နှင့် ပါတီဝင် ၃ ဦး ပျောက်ဆုံးနေ
DVB
·
September 12, 2025

မွန်ပြည်နယ် ကျိုက်ထိုမြို့ကနေ ရေးမြို့နယ်ကို မဲဆွယ်စည်းရုံးရေးသွားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပြည်နယ်ဥက္ကဋ္ဌ ဒေါ်မြသီတာနဲ့ ပါတီဝင် ၃ ယောက် လမ်းမှာပျောက်သွားတာကြောင့် ရဲစခန်းမှာ လူပျောက်ဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်က ကျိုက်ထိုမြို့ကနေ ရေးမြို့နယ်ကို မဲဆွယ်စည်းရုံးရေးသွားတဲ့ PPP ပါတီ ပြည်နယ်ဥက္ကဋ္ဌ ဒေါ်မြသီတာ၊ ပါတီဝင် ကိုဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော်နဲ့ အမျိုးသမီးတယောက်တို့ဟာ သံဖြူဇရမ် - ရေး လမ်းမှာ ပျောက်ဆုံးသွားတာလို့ ကျိုက်ထိုမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“စထွက်တုန်းက အဆက်အသွယ်ရတယ်၊ သံဖြူဇရပ်-ရေးလမ်းခွဲဘက်ရောက်မှ အဆက်အသွယ်ပြတ်သွားတာ။ ဖြစ်တဲ့နေ့ကတည်းက မိသားစုရော၊ ပါတီဝင်တွေရော လိုက်ရှာကြသေးတယ် မတွေ့ဘူး။ ကျိုက်ထိုရော၊ သံဖြူဇရပ် စခန်းမှာပါ လူပျောက်သဘောမျိုး အကြောင်းကြားထားတယ်။ နောက်ဆုံးရတဲ့သတင်းက လက်နက်ကိုင်အဖွဲ့တခုက ဖမ်းသွားတယ်လို့ သိရတယ်။ ဟုတ်မဟုတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ရေးမြို့နယ်ပါတီရုံးခန်းဖွင့်ပွဲသွားတဲ့ PPP ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်မြသီတာနဲ့ ပါတီဝင် ၃ ယောက်ကို လက်နက်ကိုင်အဖွဲ့အစည်းတခုက သံဖြူဇရပ်- ရေးကားလမ်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်နယ် ဒုဥက္ကဋ္ဌ ကို စာပို့ကြောင်း ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။ 

“ဒေါ်မြသီတာတို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖမ်းပြီး သူတို့ထိန်းသိမ်းထားတယ်လို့ ဒုဥက္ကဋ္ဌကို Viber ကနေ စာပို့တယ်လို့ ပြောတယ်။ ဒါပေမဲ့ PPP က အခုချိန်ထိ မထုတ်ပြန်သေးဘူး။ ကျိုက်ထို ကျိုက်မရော နဲ့ သထုံဘက်က ပါတီဝင်တွေက အဲ့သတင်းကြားပြီး လန့်နေတယ်။”

လက်ရှိအချိန်ထိ PPP ပြည်နယ်ဥက္ကဋ္ဌ ဒေါ်မြသီတာနဲ့ ပါတီဝင် ၃ ယောက် ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး PPP ပါတီနဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသလို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ် ၁၀၂ မြို့နယ်ပါဝင်ပြီး မွန်ပြည်နယ်က ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင် နဲ့ သထုံမြို့နယ် ၅ မြို့နယ်သာ ပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024