Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် အင်းလေးတွင် ပါတီများ၏ မဲဆွယ်စည်းရုံးမှုကို ဆန့်ကျင်သည့် ကမ်ပိန်းပြုလုပ်
DVB
·
April 13, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ အင်အားပြင်းငလျင်ကြောင့် အကူအညီလိုနေတဲ့ ပြည်သူတွေကို စစ်တပ် ထောက်ခံတဲ့ပါတီတွေက ကူညီသလိုမျိုးနဲ့ မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။

အင်းလေးဒေသမှာ ငလျင်ကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရတာကြောင့် အကူအညီလိုအပ်နေတာကို အသုံးချပြီး စစ်ကောင်စီတပ်ရဲ့ အပေါင်းအပါတွေက မဲဆွယ်စည်းရုံးတာကို ဆန့်ကျင်တဲ့အနေနဲ့ ကမ်ပိန်းတခု လုပ်ခဲ့တယ်လို့ အမျိုးသမီးသမဂ္ဂ အဖွဲ့ဝင်တွေက ဧပြီ ၁၃ ရက် ဒီနေ့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အင်းလေးကို ရောက်လာတဲ့ ဧပြီ ၁၁ ရက်နေ့က ‘ငလျင်ဒဏ်သင့်နေတာ စာနာစိတ်နဲ့ကူပါ၊ မဲလာမဆွယ်ပါနဲ့’ လို့ရေးထားတဲ့ စာရွက်တွေကို လူစည်ကားရာမှာ ကြဲထားသလို လက်မှာရေးပြီး အွန်လိုင်းမှာမျှဝေတဲ့ ကမ်ပိန်းလုပ်ခဲ့ကြတာပါ။

အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်တယောက်က “အရေးပေါ်ကာလလွန်မြောက်ရေး စနစ်တကျ ပြန်လည် ထူထောင်ရေးပြုလုပ်ဖို့ လိုအပ်နေတဲ့အချိန်‌မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အချို့၊ အင်းပါတီဝင်တချို့နဲ့ မင်းချောင်း မဘသဘုန်းကြီး‌တွေက ပါတီ‌စည်းရုံးရေး လုပ်လာတယ်။ PPP ပါတီကဝတ်စုံတွေနဲ့ လာရောက် လုပ်ဆောင်နေတာတွေ တွေ့ရတယ်။ ပါတီတွေ လှူတာက နည်းနည်း ပါတီစည်းရုံးရေးစကား လာပြောနေတာကများများ လုပ်နေလို့ ဒီကမ်ပိန်းကို ပြုလုပ်ကြတာပါ” လို့ ပြောပါတယ်။

ကမ်ပိန်းကို ငလျင်ဒဏ်သင့်ကျေးရွာတွေ၊ မိုင်းသောက်တံတားအနီးနဲ့ လမ်းမပေါ်မှာ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတဲ့ရက်လည်းဖြစ်တာကြောင့် ဟိုတယ်ဇုန်တွေနဲ့ အင်းလေးဒေသတွင်း လုံခြုံရေးတင်းကျပ်ထားတဲ့ အခက်အခဲတွေကြားကနေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ညောင်ရွှေမြို့နယ်အတွင်းက ကျေးရွာတချို့ဟာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကို ခံနေရသလို ကျေးရွာတချို့ကတော့ ငလျင်ဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရပြီး လူသေဆုံးတာတွေနဲ့ နေအိမ်ပျက်စီးဆုံးရှုံးတာတွေ ရှိနေပါတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုတွေကို ပြည်တွင်း ပြည်ပ ပြည်သူလူထုက လာရောက် ကူညီလှူဒါန်းပြီး ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကြိုးစားနေကြတယ်လို့ ကူညီထောက်ပံ့ပေးသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024