
စစ်ကောင်စီရဲ့ ပြည်ပနိုင်ငံတွေက သွင်းအားစုတွေနဲ့ သွင်းကုန်ပစ္စည်းတွေကို ကန့်သတ်ထားတာကြောင့် မြန်မာနိုင်ငံအတွင်းက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ စစ်ကောင်စီက ပြည်ပကသွင်းအားစုတွေ အဓိက တင်ပို့နေတဲ့လမ်းကြောင်း နယ်စပ်ဂိတ်တချို့နဲ့ လေကြောင်း သယ်ယူပို့ဆောင်တာတွေကို ပိတ်ဆို့ကန့်သတ်လိုက်ပါတယ်။
ပြည်ပက သွင်းကုန်တွေကို အခုလို ကန့်သတ်လိုက်တာကြောင့် ပြည်တွင်းထဲက SMEs အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ထိခိုက်နိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုပါတယ်။
ပြည်ပက သွင်းအားစုတွေကို မှီခိုအားထားနေရတဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို ဆက်လက်ပြီး ကန့်သတ်ပိတ်ပင်ထားမယ်ဆိုပါက အဓိက အထည်ချုပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ထိခိုက်နိုင်ကြောင်း ပို့ကုန်သွင်းကုန် ကျွမ်းကျင် ပညာရှင်တယောက်က သုံးသပ်ပါတယ်။
“ဒီလိုတွေ သွင်းကုန်တွေ ကန့်သတ်ခံရမယ်ဆိုရင် အသေးစား အလတ်စားလုပ်ငန်းတွေ ထိခိုက်နိုင်တာပေါ့။ SMEs တွေဆို မြန်မာမှာထုတ်တာ အဓိက CMP အထည်ချုပ်လုပ်ငန်းတွေပေါ့။ ဒီအထည်ချုပ်လုပ်ငန်းတွေဆိုတာ တရုတ်ဘက်က လာတဲ့ အထည်လိပ်တွေနဲ့ လုပ်တယ် ပြီးရင် ပြန်ပို့ရတယ်။ ပြန်ပို့တဲ့အခါ အများအားဖြင့် ကုန်းလမ်းက ပို့ကြတယ်။ ဒီ SMEs လုပ်ငန်းတွေဆိုတာ အကြီးစားလုပ်ငန်းတွေကို မှီခိုနေရတဲ့အနေအထားပေါ့။ သူတို့ကိုယ်တိုင် Product ထုတ်တာ ရှားတယ်။ အကြီးစားလုပ်ငန်းတွေကို ထောက်ပံ့ရတဲ့ ပစ္စည်းတွေ ထုတ်တာ များတယ်။ နောက်တခုကတော့ လယ်ယာစိုက်ပျိုးရေးပေါ့၊ လယ်ယာစိုက်ပျိုးရေးမှာသုံးတဲ့ ဓာတ်မြေဩဇာပေါ့ သူက အရင်ကတည်းက လုံလောက်မှုမရှိဘူး။ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ ဓာတ်မြေဩဇာ လိုအပ်ချက်က ကြီးမားတယ်။ ဒီမှာထုတ်နေတဲ့ ဓာတ်မြေဩဇာတွေဆိုတာကလည်း အဲဒီမှာသုံးနေတဲ့ သွင်းအားစုတွေက ပြင်ပက လာတာ၊ တကယ်ပြောရရင်တော့ လမ်းတွေ ပိတ်တာထက် အရေးကြီးတာကတော့ စကစရဲ့ စီမံခန့်ခွဲမှုကိုက မှားယွင်းနေတာ။”
ဒါတွေအပြင် မှောင်ခိုဈေးကွက်တွေ ကြီးထွားနိုင်ပြီး အဆမတန်ဈေးကြီးပေးဝယ်ယူရတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အဓိက သွင်းကုန်တွေအနေနဲ့ လူသုံးကုန် စားသောက်ကုန်တွေကို ထိုင်းနိုင်ငံကနေ တင်သွင်းပြီး၊ ကုန်ကြမ်းပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံက တင်သွင်းကာ၊ ဆေးဝါးထုတ်ကုန် တွေကိုတော့ အိန္ဒိယနိုင်ငံတွေက သွင်းကုန်တွေကို မှီခိုနေရ တာဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအမှတ် ၂ တံတားကို ဩဂုတ် ၁၈ ရက် မနက်ကတည်းက ပိတ်ထားခဲ့ပြီး လေကြာင်း သယ်ယူပို့ဆောင်မှုတွေကိုတော့ ဩဂုတ် ၂၁ ရက်နောက်ပိုင်းမှာ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်တယောက်က “အဓိက အချက်လေးတွေရှိတယ်။ ဒေါ်လာကို ထိန်းချုပ်တဲ့ ကိစ္စတွေထဲက တခုက သွင်းကုန်ကို ထိန်းချုပ်တာပါတယ်။ စေတနာမှန်ရင်တော့ ပြည်တွင်း SME အချို့အတွက် ကောင်းနိုင်တယ်။ ရေရှည်မှာ ကုန်ကြမ်းသွင်းတာ အဆင်ပြေနိုင်မလားတော့ စောင့်ကြည့်ရမယ။ မဟုတ်ရင် သွင်းကုန်အားပြု SME တွေ လစ်သွားမယ်။ ရေတိုရော၊ ရေရှည်ရောမှာ ကောင်းကျိုးထက် ဆိုးကျိုးကတော့ ပိုများမယ်။ ဒီနိုင်ငံမှာ မထုတ်နိုင်တာတွေက အများကြီး။ ထိုင်းမှာလည်း သွင်းကုန်ကန့်သတ်ပြီး ပို့ကုန်အားပေးပါတယ်။ ဒါပေမဲ့ ကိုယ်တွေက ထိုင်းနဲ့မှ မတူတာဘဲလေ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သွင်းကုန်ကဏ္ဍမှာတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်နှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆၈၆.၀၅၈ သန်း ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် (ဧပြီလကနေ- ဇွန်လအထိ) ဒုတိယ ၃ လတာမှာ အမေရိကန်ဒေါ်လာ ၃၃၁.၈၆၈ သန်းရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် စာမျက်နှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝေဝေ