မြန်မာ SMEs လုပ်ငန်းများကို ဒိန်းမတ်က ထောက်ပံ့ကြေးပေးမည်
DVB
·
December 9, 2020

အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းတွေကို ဒိန်းမတ်နိုင်ငံ Responsible Bussiness Fund (RBF) က ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။
ဒီအတွက် RBF Myanmar က လာမယ့် ဇန်နဝါရီ ၄ ရက်နေ့ကနေ စတင်ပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဆီကနေ အဆိုပြုလွှာတွေ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
SMEs လုပ်ငန်းတွေအနေနဲ့ RBF Myanmar ကသတ်မှတ်ထားတဲ့ စွမ်းအင်အလေအလွင့် လျှော့ချခြင်း၊ ရေသုံးစွဲမှုလျှော့ချခြင်း၊ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စွန့်ပစ်ရေဆိုး သန့်စင်ခြင်း စတဲ့ စီမံကိန်း လုပ်ငန်းစဉ်တွေအတွက် အဆိုပြု လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
RBF Myanmar က စွန့်ပစ်ရေဆိုးသန့်စင်ခြင်းအတွက် စီမံကိန်း ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ (အများဆုံး မြန်မာကျပ်ငွေ သိန်း ၈၀၀ အထိ) ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျန်လုပ်ငန်းစဉ်တွေအတွက် စီမံကိန်းကုန်ကျငွေရဲ့ ၃၀ရာခိုင်နှုန်းအထိ (အများဆုံး မြန်မာကျပ်ငွေ သိန်း ၈၀၀ အထိ)ကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
ဒီထောက်ပံ့ကြေးငွေ ရရှိတဲ့ လုပ်ငန်းတွေက RBF Myanmarက သတ်မှတ်ထားတဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ စီမံကိန်းပြီးစီးအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
RBF Myanmar ရဲ့ ဒီအစီအစဉ်ဟာ ငွေကြေးအနေနဲ့ အကန့်အသတ်ရှိတယ်လို့ သိရပြီး လျှောက်ထားတဲ့ SMEs လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့နည်းပညာတွေ၊ ပစ္စည်း ၀ယ်ယူမယ့် ကုမ္ပဏီတွေကို ရွေးချယ်ထားဖို့ လိုအပ်ပြီး၊ သတ်မှတ်ထားတဲ့ ငွေကြေးကို ထည့်၀င်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်၊ ဓာတ်ပုံ-RBF Myanmar