
ဂါနာနိုင်ငံဟာ အမေရိကန်က နှင်ထုတ်ခံရတဲ့ အနောက်အာဖရိကနိုင်ငံသားတွေကို လက်ခံဖို့ သဘောတူခဲ့ပြီး ၁၄ ယောက် နိုင်ငံတွင်းကို ရောက်ရှိနေပြီလို့ သမ္မတ ဂျွန်ဒရာမာနီ မာဟာမာက စက်တင်ဘာ ၁၀ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ လူဝင်မှုကြီးကြပ်ရေးအပေါ် သဘောထား တင်းတင်းမာမာ လုပ်ဆောင်ခဲ့ပြီး အမေရိကန်မှ သန်းနဲ့ချီတဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးကာ တတိယနိုင်ငံကို ဖယ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။
အမေရိကန်ကနေ ဖယ်ရှားခံရတဲ့ ပြင်ပနိုင်ငံသားတွေကို လက်ခံဖို့ ဂါနာကို အမေရိကန်က ချဉ်းကပ်ခဲ့ပြီး အနောက်အာဖရိကသားတွေကလည်း ဂါနာကိုလာဖို့အတွက် ဗီဇာ မလိုအပ်တာကြောင့် လက်ခံခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် သူတို့အနေနဲ့ အမေရိကန်ကနေ အက်ကရာကို လာမယ်ဆိုရင် ဘာဗီဇာမှမလိုဘဲ ဒီသဘောတူညီချက်က အသက်ဝင်ပြီလို့လည်း ဆိုပါတယ်။
“ပြည်နှင်ဒဏ်နဲ့ ဆိုက်ရောက်မှုတွေနဲ့ စပ်လျဉ်းပြီး အနောက်အာဖရိကမှာ လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ပရိုတိုကော ရှိနေတာကြောင့် အနောက်အာဖရိကနိုင်ငံသားတိုင်းဟာ ဂါနာကို အခမဲ့ လာရောက်နိုင်ပြီး ရက်ပေါင်း ၉၀ နေထိုင်နိုင်ကြောင်းနဲ့ ဒါကြောင့် သူတို့ကို ခေါ်လာဖို့ ဆုံးဖြတ်ရင် လက်ခံပေးဖို့ ပြဿနာမရှိပါဘူး” လို့ မာဟာမာက ပြောဆိုပါတယ်။
ဂါနာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်ပြည်နှင်ခံရသူ ၁၄ ယောက်အုပ်စုထဲမှာ ဂမ်ဘီယာ နိုင်ငံသားတယောက်နဲ့ နိုင်ဂျီးရီးယားလူမျိုးတွေလည်း ပါဝင်ပြီး သူတို့ကိုတော့ သူတို့ရဲ့ မိခင်နိုင်ငံကို ပြန်ဖို့ အစိုးရက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မာဟာမာက ပြောပါတယ်။
ဂါနာဟာ ရွှေ့ပြောင်းနေထိုင်သူ ဘယ်လောက်ထိ လက်ခံမယ် ဆိုတာကိုတော့ မာဟာမာက မဖော်ပြထားပါဘူး။
ရဝမ်ဒါကတော့ လူပေါင်း ၂၅၀ အထိ လွှဲပြောင်းပေးဖို့ ဝါရှင်တန်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် သီတင်းပတ်တွေအကြာ သြဂုတ်လမှာ အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရတဲ့ ရွှေ့ပြောင်း ၇ ယောက်ကို လက်ခံခဲ့ပါတယ်။
Source: Reuters