
နယူးယောက်မြို့မှာ ကျင်းပမယ့် သံအမတ်ကြီးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ရယူနိုင်ရေး ထောက်ခံပွဲကို ကနေဒါနိုင်ငံက မြန်မာ့အရေးဆောင်ရွက်သူတွေ ပူးပေါင်းပါဝင်သွားဖို့ရှိနေပါတယ်။
ကုလဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီးဦး ကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ရယူနိုင်ရေး ထောက်ခံပွဲကို စက်တင်ဘာ ၂၀ ရက်နေ့ကြရင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပသွားမှာပါ။
နယူးယောက်မြို့ ထောက်ခံဆန္ဒပြပွဲကို အမေရိကန်ပြည်နယ် ၅၀ က မြန်မာ့အရေး ဆောင်ရွက်သူတွေ ပါဝင်ကြမယ့်အပြင် ကနေဒါနိုင်ငံရောက် မြန်မာတွေပါ ပူးပေါင်းပါဝင်ဖို့ ပြင်ဆင်နေကြပါတယ်။
ဒေသစံတော်ချိန် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ အွန်လိုင်းကနေ ဒုတိယအကြိမ် US- Canada မြန်မာ့အရေးဆောင်ရွက်သူတွေ အစည်းအဝေးခေါ်ယူခဲ့ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဦးကိုကိုလေး(Learn and Share) က “နယူးယောက်ကို တခြား State မှာရှိတဲ့ ရဲဘော်ရဲဖက်တွေက သွားကြမယ်လို့ ကြားသိရပါတယ်။ နယူးယောက်ပြည်နယ် အထက်ပိုင်းကနေလည်း ကားတွေနဲ့လာကြမယ်၊ North ကယ်ရိုလိုင်းနား၊ ဖိုဒ့်ဝိန်း၊ ဝါရှင်တန်ဒီစီ၊ ဘတ်ဖလိုးဘက်ကလည်းလာမယ်၊ ကနေဒါဘက်ကလည်း လာမယ်ဆိုတော့ အရှေ့ကမ်းရိုးတမ်းဘက်မှာတော့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်မယ်ဆိုတာ Update လုပ်တာကြားရပါတယ်။ နောက်တခုကလည်း ဆယ်လီဘရစ်တီတွေ ခါရာတို့ဘာတို့ နယူးယောက်ဘက်ကိုသွားကြမယ်၊ အားဖြည့်မယ်ဆိုတာ ကြားရပါတယ်။ ဦးကျော်မိုးထွန်းကိစ္စကလည်း ဒီနေရာမှာမှ မရရှိဘူးဆိုရင်တော့ နစ်နာနေတဲ့ပြည်သူတွေကိုယ်စား ပြောပေးမယ့်သူ မရှိဘူးပေါ့လေ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဦးကျော်မိုးထွန်း မိမိနေရာမှာ ဆက်လက်ပြီးတော့ တာဝန်ထမ်းဆောင်နိုင်ဖို့ အဓိကထားပြီးတော့ ကမ်ပိန်းကိုလုပ်ကြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နေ့မှာ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ခေါ်ယူမှာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ နိုင်ငံတကာထိပ်သီးခေါင်းဆောင်တွေ စုစည်းဖို့ရှိနေတာပါ။
စက်တင်ဘာလဆန်းကစပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံအားပေးကြောင်း တောင်ကိုရီးယား၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံရောက် မြန်မာတွေက ဆန္ဒပြပွဲတွေစတင်နေပြီး စက်တင်ဘာတလလုံးမှာ နိုင်ငံတကာရောက် မြန်မာတွေရဲ့ ထောက်ခံဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျယ်လိစ်တို့မှာလည်း ထောက်ခံပွဲတွေ ဆက်တိုက်ပြုလုပ်သွားဖို့ရှိနေပါတယ်။
မခင်သီရိနန္ဒာစိုး (ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားပြည်နယ်) က “စက်တင်ဘာလကုန်မှာတောင် မရပ်ဘဲနဲ့ ကယ်လီဖိုးနီးယားမြောက်ဘက်ပိုင်းမှာဆိုရင် အောက်တိုဘာလဆန်းအထိကိုပေါ့နော်၊ ပြည်သူတွေရဲ့စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြနေတယ်ဆိုတာ ကျမပြောပြခြင်းဖြစ်ပါတယ်။ အများစုဆုံးဖြတ်ထားတဲ့ Time Frame ကို ကျော်လွန်ပြီးတော့ ပြည်တွင်းက ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခသုက္ခမျိုးစုံလွတ်မြောက်ဖို့ရာအတွက်ကို ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ တော်လှန်ညီအစ်ကိုမောင်နှမတွေအားလုံးကို စိတ်ဆန္ဒပြင်းပြစွာနဲ့ ရက်တွေကို တိုးပြီးလုပ်သွားကြမယ့် ဒေသတွေတောင်မှရှိနေပါတယ်။ တချို့က တပတ်စောပြီးတော့ ထွက်လာကြပြီပေါ့၊ နောက်တခါ စက်တင်ဘာလကုန်ပြီးရင်တောင်မှ ထပ်ပြီးတော့ အောက်တိုဘာထဲအထိ ထွက်လာမယ့် အင်အားစုတွေလည်းရှိနေပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်သွားဖို့တွေရှိပါတယ်” လို့ ပြောပါတယ်။
အရင်နှစ်တွေတုန်းက သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်လက်ထမ်းဆောင်ခွင့် ရ၊ မရ အဖြေကတော့ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းလောက်မှာ ထွက်ပေါ်လေ့ရှိတာပါ။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကနေ လက်ရှိအချိန် ရာထူးသက်တမ်း ၄ နှစ်ကြာတဲ့အထိ သံအမတ်ကြီးက နေရာကိုထိန်းထားနိုင်ခဲ့တာဖြစ်ပြီး အခုတကြိမ် ဆက်ထိန်းထားမယ်ဆိုရင် ၅ နှစ်မြောက်ဖြစ်လာမှာပါ။
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ဖိအားတချို့ကြောင့် သံအမတ်ကြီးရဲ့နေရာဟာ ဒီနှစ်မှာ စိုးရိမ်စရာအခြေအနေရှိနေတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံအားပေးမှု ပိုပြီးလိုအပ်နေတယ်လို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြောဆိုထားပါတယ်။
သုတချမ်းသာ


