
သမိုင်းဆိုတာ အတိတ်မှာ ကျန်ခဲ့တဲ့ ပုံပြင်ဟောင်းတွေချည်းပဲ မဟုတ်ပါဘူး။ အခု ကျနော်တို့ မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအတွက် သင်ခန်းစာယူစရာ၊ တွေးစရာတွေ အများကြီး ပေးတတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က ဂရိနဲ့ ပါရှန်းတို့ရဲ့ စစ်ပွဲသမိုင်းကြောင်းဟာ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ဘယ်လိုတွေ ဆက်စပ်နေသလဲဆိုတာကို လေ့လာကြည့်ဖို့ ကောင်းပါတယ်။
အင်အားကြီးနိုင်ငံ၏ ဖိအားနှင့် ခေတ်သစ်နှိုင်းယှဉ်ချက်
အဲဒီခေတ်က ပါရှန်းအင်ပါယာဆိုတာ ခုခေတ်စကားနဲ့ ပြောရရင် ကမ္ဘာ့စူပါ ပါဝါတခုလို့ ခေါ်နိုင်ပါတယ်။ အာရှ၊ အာဖရိက၊ ဥရောပတိုက်ကြီးသုံးတိုက်ကို ခြေဆန့်ထားပြီး စစ်သည်အင်အား၊ ဓနအင်အား အလုံးအရင်းနဲ့ ကြီးမားတဲ့ ဩဇာအာဏာကို ပိုင်ဆိုင်ထားပါတယ်။ ဂရိတွေကတော့ မြို့ပြနိုင်ငံလေးတွေ၊ တနည်းပြောရရင် ပြည်နယ်လေးတွေလိုပါပဲ။ အေသင်၊ စပါတာ၊ ကောရင့်သ် စသဖြင့် တမြို့နဲ့တမြို့တောင် အမြဲတမ်း အားပြိုင်နေကြ၊ မတည့်ကြဘူး။ ပါရှန်းအင်ပါယာဟာ ဂရိကို ကျူးကျော်ဖို့ မကြိုးစားခင်မှာကတည်းက သူ့ရဲ့ "စူပါပါဝါ" သြဇာကိုသုံးပြီး ဖိအားမျိုးစုံ ပေးခဲ့ပါတယ်။ သံတမန်တွေလွှတ်ပြီး "မြေကြီးနှင့် ရေ" ကို တောင်းတယ်။ ဒါဟာ "မင်းတို့ရဲ့ အချုပ်အခြာအာဏာကို ငါ့လက်ထဲ အပြီးအပ်လိုက်" လို့ ပြောလိုက်တာပါပဲ။ တချို့မြို့လေးတွေကို စီးပွားရေးအရ မက်လုံးပေးတယ်၊ တချို့ကို စစ်ရေးနဲ့ ခြိမ်းခြောက်တယ်။ ဂရိတွေအချင်းချင်း သွေးကွဲစေပြီး သူ့ဘက်တော်သားဖြစ်အောင်၊ ဒါမှမဟုတ် အနည်းဆုံး ကြားနေဖြစ်အောင် နည်းမျိုးစုံနဲ့ စည်းရုံး သိမ်းသွင်းခဲ့တယ်။
ဒီသမိုင်းက ဒီနေ့အခြေအနေနဲ့ တိုက်ရိုက်လာတူနေပါတယ်။ ပါရှန်းအင်ပါယာကြီးနေရာမှာ အခု ကျနော်တို့ရဲ့ အိမ်နီးချင်း 'စူပါပါဝါ' တရုတ်နိုင်ငံကို မြင်ယောင်ကြည့်လိုက်ပါ။ တရုတ်ဟာ လက်ရှိမြန်မာစစ်တပ်ကို လက်နက်တွေ၊ နည်းပညာတွေနဲ့ ကျောထောက်နောက်ခံပေးနေရုံသာမက ကျောက်ဖြူရေနက်ဆိပ်ကမ်းလို စီမံကိန်းကြီးတွေ၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အမြတ်ထုတ်နေတဲ့ သဘောတူညီချက်တွေဟာ ခေတ်သစ် "မြေကြီးနှင့် ရေ" ကို တောင်းနေတာနဲ့ အတူတူပါပဲ။ ဒါတွေကတဆင့် မြန်မာစစ်တပ်ကို သူတို့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် လှုပ်ရှားလာအောင် ချည်နှောင်ထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာရဲ့ အရေးယူမှုတွေကနေ ကာကွယ်ပေးတယ်။ "လွတ်လပ်ရေးထက် တည်ငြိမ်ရေးက အဓိက" ဆိုတဲ့ သူတို့ရဲ့ ဇာတ်လမ်းကို တွင်တွင်သုံးပြီး နိုင်ငံတကာဇာတ်ခုံပေါ်မှာ စစ်တပ်အတွက် တရားဝင်မှုတခုခု ရအောင် ကြိုးစားပေးနေတယ်။ တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သီးခြားစီထိတွေ့ပြီး သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်စေကာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ဘုံရည်မှန်းချက်ကို လမ်းလွဲသွားစေနိုင်တဲ့ သိမ်မွေ့တဲ့ သွေးခွဲအုပ်ချုပ်မှုတမျိုးကို ကျင့်သုံးနေပါတယ်။ ဒါတင်မက ဖိအားအမျိုးမျိုးပေးကာ ခြိမ်းခြောက်အကျပ်ကိုင်တာတွေလည်း မြန်မာပြည်သူတွေအသိပါပဲ။
ညီညွတ်ရေး၏ ခက်ခဲကြမ်းတမ်းသော ခရီး
ဒီလို ပြင်ပကဖိအားတွေ၊ ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားထဲမှာ ဂရိတွေရဲ့ ညီညွတ်ရေးခရီးကလည်း ဆူးခင်းလမ်းပါပဲ။ အဓိက မြို့ကြီးနှစ်ခုဖြစ်တဲ့ အေသင်နဲ့ စပါတာဟာ မူဝါဒအရရော၊ ယဉ်ကျေးမှုအရပါ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်တွေဖြစ်ကြပါတယ်။ တဖွဲ့က ဒီမိုကရေစီ၊ တဖွဲ့က စစ်ဝါဒီ၊ ဒီလိုမြို့ပြနိုင်ငံနှစ်ခုကို ပူးပေါင်းပြီး ဘုံရန်သူကို တိုက်ဖို့ စည်းရုံးရတာဟာ မဖြစ်နိုင်ဘူးလို့တောင် ထင်ရပါတယ်။ ဒါပေမဲ့ "ဟယ်လင်နစ်လိဂ်" (Hellenic League) ဆိုတဲ့ ဂရိမဟာမိတ်တပ်ပေါင်းစုကို ဖွဲ့စည်းတဲ့အခါ၊ အေသင်ဟာ သူတို့မှာ အင်အားအကြီးဆုံး ရေတပ်ရှိနေပေမဲ့ မာနကိုခဝါချပြီး စစ်ရေးဦးဆောင်မှုကို စပါတာကို လွှဲပေးဖို့ သဘောတူခဲ့ရပါတယ်။ ဒါဟာ ညီညွတ်ရေးအတွက် လုပ်ခဲ့ရတဲ့ အလွန်ကြီးမားတဲ့ နိုင်ငံရေးအလျှော့ပေးမှုတခုပါပဲ။ သာမိုပီလေတိုက်ပွဲမှာ ရှုံးနိမ့်ပြီး အေသင်မြို့ကြီး မီးရှို့ခံလိုက်ရတဲ့အချိန်မှာ မဟာမိတ်တွေကြား ညီညွတ်မှု ပြိုကွဲလုနီးပါး ဖြစ်ခဲ့ပါတယ်။ စပါတာနဲ့ တခြားမြို့တွေက နောက်ဆုတ်ဖို့ တိုင်ပင်နေချိန်မှာ အေသင်ခေါင်းဆောင် သီမစ်စတိုကလီးစ်က "ခင်ဗျားတို့ ဒီမှာမတိုက်ဘူးဆိုရင် ကျုပ်တို့ အေသင်ပြည်သူအားလုံးကို သင်္ဘောပေါ်တင်ပြီး အီတလီမှာ နိုင်ငံသစ်သွားတည်တော့မယ်၊ ခင်ဗျားတို့ကိုလည်း တယောက်တည်း ရန်သူနဲ့ ထားခဲ့မယ်" လို့ ခြိမ်းခြောက်ပြီး အကျပ်ကိုင်ခဲ့ရတဲ့အထိပါပဲ။
အောင်ပွဲဆီသို့ ပို့ဆောင်ခဲ့သည့် ဉာဏ်ပညာနှင့် ဗျူဟာ
ဒီလို အကြိတ်အနယ် ညီညွတ်မှု ရလာတဲ့အခါမှာတော့ သူတို့ရဲ့ အောင်ပွဲခံမယ့် လမ်းစ ပေါ်လာပါတော့တယ်။ သူတို့ဟာ ရန်သူရဲ့ အင်အားကို တည့်တည့်မတိုးဘဲ၊ ဉာဏ်ပညာနဲ့ ရင်ဆိုင်ခဲ့တယ်။ မာရသွန်လွင်ပြင်မှာဆိုရင် ပါရှန်းတွေရဲ့ အင်အားများတဲ့ ဗဟိုတပ်ကို အသာလေးထားပြီး၊ အားဖြည့်ထားတဲ့ သူတို့ရဲ့ တောင်ပံတပ်တွေနဲ့ ညှပ်တိုက်တဲ့ ဗျူဟာကို သုံးခဲ့တယ်။ သာမိုပီလေတောင်ကြားမှာဆိုရင် ရန်သူရဲ့ လူအင်အား အားသာချက်ကိုပျက်ပြယ်သွားစေတဲ့ ကျဉ်းမြောင်းတဲ့နေရာကို ရွေးပြီး ခုခံခဲ့ပါတယ်။
အဆုံးအဖြတ်ဖြစ်တဲ့ ဆလာမစ်ရေကြောင်းတိုက်ပွဲမှာဆိုရင်၊ အေသင်ခေါင်းဆောင် သီမစ်စတိုကလီးစ်ရဲ့ ပါးနပ်မှုက အဓိကပဲ။ သူဟာ ကြီးမားပြီး လှုပ်ရှားရခက်တဲ့ ပါရှန်းရေတပ်ကြီးကို ကျဉ်းမြောင်းတဲ့ ရေလက်ကြားထဲ ဆွဲသွင်းပြီး၊ သေးငယ်ပြီး လျင်မြန်တဲ့ ဂရိသင်္ဘောတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်စေခဲ့တယ်။ ရန်သူရဲ့ အင်အားကပဲ သူ့ရဲ့ အားနည်းချက်ဖြစ်သွားစေခဲ့တာပေါ့။ နောက်ဆုံး ပလေတီယာကုန်းမြေတိုက်ပွဲမှာတော့ စပါတာတွေရဲ့ စစ်စည်းကမ်းနဲ့ သံချပ်ကာအပြည့်အစုံပါတဲ့ "ဖေးလင့်" (Phalanx) တပ်ဖွဲ့တွေရဲ့ အစွမ်းကြောင့် ပါရှန်းတပ်တွေကို အပြတ်အသတ်အနိုင်ယူပြီး ဂရိမြေပေါ်ကနေ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့ပါတယ်။
ပြာပုံဘဝမှ ရွှေခေတ်ဆီသို့ မျှော်မှန်းချက်
အဲဒီနောက်မှာမှ ဂရိသမိုင်းရဲ့ အလှဆုံးအပိုင်းက စတင်ခဲ့တာပါ။ ပါရှန်းကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် အထူးသဖြင့် ပါရှန်းတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြာပုံဘဝကနေ အေသင်မြို့ဟာ phoenix ငှက်လို ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီကာလကို သမိုင်းမှာ "အေသင်၏ ရွှေခေတ်" (Golden Age of Athens) လို့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီရွှေခေတ်မှာ ဒီမိုကရေစီ အမြစ်တွယ်ခဲ့တယ်။ ဆိုကရေးတီးစ်၊ ပလေတို၊ အရစ္စတိုတယ်တို့လို ကမ္ဘာ့အတွေးအခေါ်သမိုင်းကို လွှမ်းမိုးခဲ့တဲ့ ပညာရှင်ကြီးတွေ ပေါ်ထွန်းခဲ့တယ်။ ပါသီနွန် (Parthenon) ကျောင်းတော်ကြီးလို ကမ္ဘာ့အမွေအနှစ်တွေ တည်ဆောက်နိုင်ခဲ့တယ်။ အဓိကအချက်ကတော့၊ ဒီ "ရွှေခေတ်" ဟာ အလိုလျောက် ဖြစ်လာတာမဟုတ်ပါဘူး။ စစ်ပွဲအတွင်းမှာ သူတို့ အသက်နဲ့လဲပြီး ကာကွယ်ခဲ့တဲ့ "လွတ်လပ်မှု" နဲ့ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ "ညီညွတ်မှု" တို့ရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။
ဒီသမိုင်းကို မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မှန်တချပ်လို ကြည့်နိုင်ပါတယ်။ အခု မြန်မာနိုင်ငံဟာ စစ်မီးလျှံတွေ၊ မတရားမှုတွေနဲ့ ပြာပုံအတိ ဖြစ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဒီပြာပုံဘဝကနေ ပြန်လည်နိုးထနိုင်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ညှိနှိုင်းမှုတွေ၊ အလျှော့ပေးမှုတွေကြားကနေ မဟာဗျူဟာမြောက်တဲ့ ညီညွတ်မှုကို တည်ဆောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ "ဖက်ဒရယ်ဒီမိုကရေစီ ရွှေခေတ်" ဟာလည်း သိပ်မဝေးတော့တဲ့ အနာဂတ်မှာ အမှန်တကယ် ရောက်ရှိလာမှာပါ။ အဲဒီ မြန်မာနိုင်ငံရဲ့ ရွှေခေတ်မှာ ကလေးတွေဟာ သေနတ်ကိုင်ပြီး တောထဲတောင်ထဲမှာ တိုက်ပွဲဝင်နေရမယ့်အစား၊ ကျောင်းတော်ကြီးတွေမှာ ပညာသင်ကြား၊ စာကြည့်တိုက်တွေမှာ အတွေးအခေါ်သစ်တွေ ရှာဖွေနေကြပါလိမ့်မယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ အနုပညာတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရပြီး၊ တဦးကိုတဦး လေးစားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးထဲမှာ အတူယှဉ်တွဲ နေထိုင်ကြပါလိမ့်မယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို လူတစုအတွက်၊ ဒါမှမဟုတ် ပြင်ပအင်အားကြီးနိုင်ငံတခုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ၊ ပြည်သူတရပ်လုံးရဲ့ လူမှုဘဝနဲ့ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်ဖို့အတွက် အသုံးပြုကြပါလိမ့်မယ်။
ဒီအနာဂတ်ဟာ အိပ်မက်တခု မဟုတ်ပါဘူး။ ဂရိတွေ လက်တွေ့လုပ်ပြခဲ့တဲ့ သမိုင်းတခုပါ။ အခုမြန်မာနိုင်ငံရဲ့ တော်လှန်ရေးဟာ ခေတ်ဟောင်းစနစ်ဟောင်းကို ဆန့်ကျင်တိုက်ဖျက်နေရုံသာမက၊ အနာဂတ်ရဲ့ "ရွှေခေတ်ကို တည်ဆောက်ဖို့" ဆိုတဲ့ ပိုမိုမြင့်မြတ်တဲ့ ရည်မှန်းချက်အတွက် ဖြစ်တယ်ဆိုတာကို အားလုံးက စွဲမြဲစွာ ယုံကြည်ဖို့ လိုအပ်နေပါပြီ။
တင်ဦး