
သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အာဏာရှင်မဟုတ်ပါဘူးလို့ နှစ်ရက်အတွင်း နှစ်ခါတောင်ပြောခဲ့ပါတယ်။ ဒါကြောင့် ၂၁ ရာစု အာဏာရှင်ဆိုတာ ဘယ်လိုမျိုးလဲ၊ ထရမ့်ပ် ဘာတွေလုပ်နေလို့ အာဏာရှင်ဆန်တယ်ပြောလာကြသလဲ၊ ထရမ့်ပ်လုပ်ရပ်တွေ မှန်သလား၊ အာဏာရှင်ဆန်သလား ဆိုတာလေ့လာကြည့်ကြမှာဖြစ်ပါတယ်။
အပိုင်း (၁) အာဏာရှင်မဟုတ်ဘူး ငြင်းတဲ့သူ
တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတတယောက်က သူဟာ အာဏာရှင်မဟုတ်ကြောင်း ရှင်းပြရတယ်ဆိုတာ အင်မတန်ရှားပါတယ်။ တပတ်ထဲမှာ နှစ်ကြိမ်တောင် ပြောခဲ့တာမျိုးကတော့ ပိုပြီးရှားပါးပါတယ်။ ပထမဆုံးအနေနဲ့ ဒီကိစ္စအားလုံးကို စတင်စေခဲ့တဲ့ ငြင်းဆိုမှုတွေအကြောင်းကို ကြည့်လိုက်ကြရအောင်ပါ။
ထရမ့်ပ်က ဒီလိုဗျာ၊ ကျုပ် စဉ်းစားနေတာ အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ဇ်ကာ လို ပေါတောတောကောင်မျိုးက ကျုပ်တို့ အဲ့ဒီကို အစောင့်တပ်တွေ မလွှတ်ခင်ကတည်းက ဝေဖန်နေတာမျိုးပေါ့။ နောက်ထပ်တပ်တွေလွှတ်ရမယ့်နေရာက ရှီကာဂို ဖြစ်သင့်တယ်လို့ ကျုပ် ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပဲ ရှီကာဂိုက အခုချိန်မှာ လူသတ်ကွင်းကြီးလို ဖြစ်နေတာ။ သူတို့က ဒါကို အသိအမှတ်မပြုဘူး။ ပြီးတော့ 'ငါတို့ သူ့ကို မလိုဘူး။ လွတ်လပ်မှု၊ လွတ်လပ်မှု ဆိုပြီးအော်နေတာ။ သူက အာဏာရှင်ပဲ လို့ ပြောကြတယ်။ ‘အာဏာရှင်တယောက်ကိုလည်း ငါတို့ ကြိုက်ချင်ကြိုက်မှာပေါ့’ လို့ လူတော်တော်များများက ပြောနေကြပြီ။ ကျုပ်ကတော့ အာဏာရှင်ကို မကြိုက်ဘူး။ ကျုပ် အာဏာရှင်လည်း မဟုတ်ပါဘူး။ ကျုပ်က သာမန်အသိ ကောင်းကောင်းရှိတဲ့ စမတ်ကျတဲ့လူတယောက်ပါ။ ကျုပ်တို့ မြို့ကြီးတွေမှာ ဖြစ်ပျက်နေတာတွေကိုမြင်လို့ တပ်တွေ လွှတ်လိုက်တဲ့အခါမှာ ချီးကျူးရမယ့်အစား 'ခင်ဗျားက သမ္မတနိုင်ငံကို သိမ်းဖို့ ကြိုးစားနေတာ' လို့ သူတို့က ပြောကြတယ်။ ဒီလူတွေက ရူးနေပြီ” လို့ ပြောပါတယ်။
နောက်တနေ့မှာပဲ ထရမ့်ပ်က ဒီစကားကိုပဲ အခုလို ထပ်ပြီး ပြောပြန်ပါတယ်။
"သူတို့ပြောနေတာက ကျုပ်က အာဏာရှင်တယောက်ပေါ့။ ဒါပေမဲ့ ရာဇဝတ်မှုတွေကို တားဆီးတယ်ပေါ့။ ဒီလိုဆိုရင်တော့ အာဏာရှင်တယောက်ကိုပဲ ပိုလိုချင်တယ်လို့ လူတွေက ပြောနေကြပြီ။ ဒါပေမဲ့ ကျုပ်အာဏာရှင် မဟုတ်ပါဘူး၊ ရာဇဝတ်မှုတွေကို ဘယ်လိုတားဆီးရမလဲဆိုတာကိုပဲ သိတာပါ။"
ဝါရှင်တန်ဒီစီရဲ့ လမ်းတွေပေါ်မှာ လက်နက်ကိုင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို ချထားပြီး၊ တခြားမြို့ကြီးတွေမှာလည်း "ရာဇဝတ်မှု တိုက်ဖျက်ရေး" ခေါင်းစဉ်နဲ့ အလားတူလုပ်ဆောင်ဖို့ စီစဉ်နေချိန်မှာ သမ္မတထရမ့်ပ်က ဒီစကားတွေကို ပြောခဲ့တာပါ။
အရပ်ဘက်ဆူပူမှုတွေကို နှိမ်နင်းဖို့အတွက် တနိုင်ငံလုံး အမြန်စေလွှတ်နိုင်ဖို့ လေ့ကျင့်ထားတဲ့ အထူးအမျိုးသား အစောင့်တပ်ဖွဲ့တခုဖွဲ့စည်းဖို့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တရပ်ကိုတောင် လက်မှတ်ထိုးထားပါပြီ။ ဒီလို တပ်တွေလွှတ်ပြီး ကူညီပေးပါလို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ဒါဟာ ကျူးကျော်သိမ်းပိုက်မှုတခုလို့ ပြောဆိုနေကြပါတယ်။
ရှီကာဂိုကနေ နယူးယောက်အထိ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီက လက်ရှိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။
အီလီနွိုက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇ်ကာက “အာဏာရှင်တယောက်ရဲ့ မာနအတ္တကို ဖြည့်ဆည်းပေးဖို့အတွက် ကျုပ်တို့ပြည်နယ်ရဲ့ မထိပါးအပ်တဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး ဒီအခြေခံမူတွေကို ပျက်ပြားစေမဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီစစ်အင်အားချထားမှုကို ကျုပ်တို့မှာရှိတဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းမှန်သမျှနဲ့ ဆန့်ကျင်ရင်ဆိုင်သွားဖို့ အီလီနွိုက်စ်ပြည်နယ်က အဆင်သင့်ပါပဲ။ ထရမ့်ပ်အစိုးရနဲ့ ကျုပ်တို့ တရားရုံးမှာ တွေ့ပါမယ်”လို့ ပြောပါတယ်။
အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ဇ်ကာနဲ့ တခြားသူတွေက ထရမ့်ပ်ကို "အာဏာရှင် လုပ်ချင်နေသူ"လို့ ပေါ်ပေါ်တင်တင် တံဆိပ်ကပ်ကြပါတယ်။
အထက်လွှတ်တော်အမတ် အက်ဒ်မာကီးက "ဒါဟာ အာဏာရှင်တွေ လုပ်တဲ့အလုပ်ပဲ။ ဒီလို အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေရှေ့မှာ ဘယ်သူမှ တိတ်တိတ်မနေသင့်ဘူး" လို့ သတိပေးခဲ့ပါတယ်။၊ ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်းကလည်း မြို့တွေမှာ စစ်အင်အားသုံးတာဟာ "အာဏာရှင်ဆန်တဲ့ သိမ်းပိုက်မှုရဲ့ အစပဲ" လို့ ဝေဖန်ထားပါတယ်။
ထရမ့်ပ်က တကယ်ပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတာလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ၂၁ ရာစု အာဏာရှင်တွေ ဘာတွေလုပ်ကြသလဲ၊ ထရမ့်ပ်ရဲ့လုပ်ရပ်တွေက အဲဒါတွေနဲ့ ဘယ်လောက်ကိုက်ညီသလဲဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။
အပိုင်း (၂) သံလက်သီးမှသည် လှည့်ဖျားထိန်းချုပ်မှုဆီသို့
"အာဏာရှင် (dictator)" လို့ကြားလိုက်ရင် အများစုက ၂၀ ရာစုက အာဏာရှင်ကြီးတွေဖြစ်တဲ့ စစ်ဖိနပ်စီးထားတဲ့ ဟစ်တလာ၊ စစ်ယူနီဖောင်းဝတ်ထားတဲ့ စတာလင်၊ လသာဆောင်ပေါ်ကနေ ဟောပြောနေတဲ့ မူဆိုလီနီတို့ကို ပြေးမြင်ကြမှာပါ။ သူတို့တွေဟာ အာဏာကို ဗြောင်ကျကျ သိမ်းပိုက်ပြီး လူထုကို အစုလိုက်အပြုံလိုက် ဖိနှိပ်မှုတွေနဲ့ ကြောက်လန့်အောင်လုပ်ခဲ့တဲ့ ရက်စက်တဲ့ "ကြောက်မက်ဖွယ်အာဏာရှင်တွေ" ဖြစ်ပါတယ်။ ဒါပေမဲ့ ခေတ်သစ်အာဏာရှင်တွေကတော့ စစ်ဗိုလ်ချုပ်ယူနီဖောင်းအစား စတိုင်ကျကျလည်စည်းနဲ့ ဝတ်စုံပြည့်ဝတ်တတ်ကြပါတယ်။ ဒီနေ့ခေတ် အာဏာရှင်တွေဟာ အများအားဖြင့် (အစပိုင်းမှာတော့) ရွေးကောက်ပွဲကနေ အာဏာရလာပြီးတော့မှ ဒီမိုကရေစီရဲ့ အပြန်အလှန်ထိန်းကျောင်းတဲ့ စနစ်တွေကို တဖြည်းဖြည်း အတွင်းလှိုက် တိုက်စားပစ်ကြပါတယ်။ အတိုက်အခံမီဒီယာအားလုံးကို ပိတ်ပင်တာမျိုး မလုပ်သည့်တိုင်အောင်ဝါဒဖြန့်ချိရေးနဲ့ သတင်းအမှားတွေကို ဖြန့်ကြပါတယ်။ ရွေးကောက်ပွဲတွေကို လုံးဝမဖျက်သိမ်းဘဲ ဥပဒေတွေကို ပြန်ပြင်ရေးတာ၊ ရွေးကောက်ပွဲအရာရှိတွေကို ကိုယ်တိုင်ရွေးချယ်ခန့်အပ်တာ၊ ပြိုင်ဘက်တွေကို ခြိမ်းခြောက်တာတွေလုပ်ပြီး သူတို့ မရှုံးနိုင်လောက်အောင် ကစားပွဲစည်းမျဉ်း ကို တဖက်စောင်းနင်းဖြစ်အောင် လုပ်ကြပါတယ်။
ခေတ်သစ်အာဏာရှင်အများစုဟာ "ဒီမိုကရေစီလို ဟန်ဆောင်" ပြီး အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုတွေအစား ဝါဒဖြန့်ချိရေး ဒါမှမဟုတ် ပြင်ပခြိမ်းခြောက်မှုတွေကို အလေးပေးကြပါတယ်။ အာဏာကို လက်ဝါးကြီးအုပ်ပြီး အားကောင်းတဲ့ အတိုက်အခံတွေကို နှိမ်နင်းတဲ့ နေရာမှာတော့ တူကြပါတယ်။ ဒါပေမဲ့ အင်မတန်ပါးနပ်သွားပါပြီ။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်
သမ္မတ သက်တမ်းနှစ်ကြိမ်ဆက်ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တကြိမ်တာဝန်ယူ၊ ယင်းနောက် သမ္မတအဖြစ်နှစ်ကြိမ် တာဝန်ထပ်ယူအပြီးမှာ ၂၀၃၆ အထိ သမ္မတအဖြစ် တာဝန်ထပ်ယူနိုင်အောင် အခြေခံဥပဒေပြင်ပြီး သမ္မတ ပဉ္စမသက်တမ်း ထမ်းဆောင်နေသူဖြစ်သည်။
တရုတ်သမ္မတ ရှီချင့်ဖျင်
၁၉၉၀ ပြည့်လွန်နှစ်တွေကတည်း တရုတ်နိုင်ငံမှာ ချမှတ်ခဲ့တဲ့ သမ္မတ သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ဖို့ အခြေခံဥပဒေကန့်သတ်ချက်ကို ဖယ်ရှားခဲ့ပြီး တတိယသက်တမ်း ဆက်လက်ထမ်းဆောင်နေသူဖြစ်ကာ တသက်တာ သမ္မတ အဖြစ် ထမ်းဆောင်ခွင့်ရှိသွားသူ ဖြစ်ပါတယ်။
တူရကီသမ္မတ ရီဆက်တာယစ်အာဒိုဂန်
လူထုထောက်ခံမှုနဲ့ တက်လာသူဖြစ်ပေမဲ့ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်၊ အခြေခံဥပဒေပြင်ကာ သမ္မတအဖြစ်နှစ်ကြိမ် ထမ်းဆောင်ထားသူ ဖြစ်သလို နှစ်ကြိမ်ထက် ပိုထမ်းဆောင်ဖို့ အခြေခံဥပဒေကို ထပ်မံပြန်ဆင်ဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။
ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်
ဝန်ကြီးချုပ်အဖြစ် ၂၅ နှစ်တာဝန် ယူခဲ့ပြီးနောက် သားဖြစ်သူကို ဝန်ကြီးချုပ်နေရာဆက်ဆံစေပြီး အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူထားသူ ဖြစ်ပြီး အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌတာဝန်ဆက်ယူထားသူဖြစ်သည်။
ဒါကြောင့် ၂၁ ရာစု အာဏာရှင်တယောက်ဟာ နေ့စဉ်ဘဝလွတ်လပ်ခွင့်တွေကို ဖျက်သိမ်းတာ ဒါမှမဟုတ် စစ်အုပ်ချုပ်ရေးကို အချိန်တိုင်း ကြေညာနေတာမျိုး မလုပ်ပါဘူး။ များသောအားဖြင့် နိုင်ငံသားတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ဆက်လက်ရှင်သန်နိုင်တယ်၊ ဈေးဝယ်ထွက်နိုင်တယ်၊ အင်တာနက်သုံးနိုင်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ နိုင်ငံရေးအသံကတော့ အဓိပ္ပာယ်မဲ့သွားတာပါပဲ။ သဘောထားကွဲလွဲမှုတွေ နှုတ်ဆိတ်အောင်လုပ်တယ် ဒါမှမဟုတ် အသရေဖျက်ခံရတယ်၊ အဖွဲ့အစည်းတွေက အနှစ်မရှိတော့ပါဘူး။ လူသိပ်မဝင်တဲ့ ဘလော့ဂ်တခုမှာ ညည်းညူ ခွင့်ပေးနိုင်တယ်၊ ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဇုန်မှာ ဆန္ဒပြခွင့်ပေးနိုင်တယ်၊ ဒါပေမဲ့ တဖက်မှာလည်း ဘယ်လိုပုံမှန်ဒီမိုကရေစီနည်းလမ်းနဲ့မှ သူ့တို့ကို အာဏာကနေ ဖယ်ရှားလို့မရအောင် လုပ်ထားကြပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတာဖြစ်သလို (အခုထိတော့) သူ့အပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းချုပ်မှုတွေ ရှိနေသေးတာ တွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့် လေးနှစ်သက်တမ်းပြည့်ရင် ရာထူးက ဆင်းပေးရမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်ဟာ အမေရိကန်ကို "လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီ"လမ်းကြောင်းပေါ် တွန်းပို့နေပြီး ဥပဒေ ယန္တရားတွေကိုသုံးပြီး အာဏာကို သူ့လက်ထဲမှာ စုစည်းလာတာကို သူ့ပါတီထဲက တချို့တွေတောင်စိုးရိမ်နေကြပါတယ်။ ထရမ့်ပ်ရဲ့ အတွင်းလူဟောင်း အိမ်ဖြူတော်အရာရှိချုပ်ဟောင်း ဂျွန်ကယ်လီက ထရမ့်ပ်ဟာ အုပ်ချုပ်ရေးမှာ "အာဏာရှင်နည်းလမ်းကို ပိုသဘောကျ" ပြီး သူ့ရဲ့ ခေါင်းဆောင်မှုပုံစံဟာ အစွန်းရောက် အမျိုးသားရေးဝါဒနဲ့ အာဏာရှင်ဆန်တဲ့ဘက်မှာ ဖက်ဆစ်ဝါဒနဲ့ နီးစပ်တယ်လို့ မှတ်ချက်ပေးခဲ့ ပါတယ်။
အပိုင်း (၃) အာဏာရှင်ကစားကွက်များ
အခုလို ဝေဖန်စရာ ဖြစ်လာရတဲ့ အဓိက အကြောင်းရင်းကတော့ ထရမ့်ပ်ဟာ ဒီမိုကရေစီကစားကွင်းမှာ အာဏာရှင် ကစားကွက်တွေ ထုတ်သုံးနေလို့ဖြစ်ပါတယ်။ အဲဒီထဲက တချို့ အကွက်တွေကို လေ့လာကြည့်ရအောင်ပါ။
ကစားကွက် (၁) လမ်းမများပေါ်တွင် စစ်တပ်ချအင်အားပြခြင်း
ထရမ့်ပ်ဟာ ပြည်နယ်နဲ့ မြို့နယ်အုပ်ချုပ်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အမေရိကန်မြို့ကြီးတွေဆီ အမျိုးသားအစောင့်တပ်နဲ့ ဖက်ဒရယ်အေးဂျင့်တွေကို စေလွှတ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာ ရဲတပ်ဖွဲ့ကို ဖက်ဒရယ်အစိုးရလက်အောက်မှာ ထားရှိလိုက်ပါတယ်။ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို စေလွှတ်ခဲ့သလို တချို့ကို သေနတ်ကိုင်ဆောင်ခွင့်တောင် ပေးခဲ့ပါတယ်။ ရှီကာဂိုနဲ့ လော့စ်အိန်ဂျလိစ်လို မြို့တွေမှာလည်း အလားတူလုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ပိုပြောစရာဖြစ်ရတာက Red states လို့တင်စားကြတဲ့ ရီပတ်ဘလစ်ကန်တွေ အုပ်ချုပ်နေတဲ့ ပြည်နယ်တွေက မြို့ကြီးတွေကိုတော့ တပ်တွေ လွှတ်ဖို့ ဆန္ဒမရှိတဲ့ကိစ္စဖြစ်ပါတယ်။ ခေတ်သစ်အမေရိကန်သမ္မတတွေထဲမှာ အရေးပေါ်မဟုတ်တဲ့ ပြည်တွင်းကိစ္စတခုအတွက် မြို့တွေထဲကို လက်နက်ကိုင်တပ်ဖွဲ့တွေကို ဒီလောက်အကြီး အကျယ် စေလွှတ်ခဲ့တာမျိုး အရင်က မရှိပါဘူး။
ကစားကွက် (၂) လွှတ်တော်ကိုကျော်၍ အမိန့်ဖြင့်အုပ်ချုပ်ခြင်း
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရအသုံးမှန်းခြေငွေစာရင်းနဲ့ နိုင်ငံတကာနဲ့ ကုန်သွယ်ရေး လို အဓိကကဏ္ဍတွေမှာ ကွန်ဂရက်လွှတ်တော်ကို အာဏာပေးထားပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို သမ္မတက ချုပ်ဆိုခွင့်ရှိသလို နိုင်ငံခြားကုန်စည်တွေ အပေါ် စည်းကြပ်ခွန်ကောက်ခံခွင့်ကိုလည်း ဥပဒေအရ သမ္မတကို ပြန်အပ်နှင်းထားပါတယ်။ ဒီလုပ်ပိုင်ခွင့်တွေအပြင် ထရမ့်ပ်က လွှတ်တော်အတည်ပြုချက် မလိုတဲ့ အမြန်နည်းလမ်းဖြစ်တဲ့ ဥပဒေကဲ့သို့အာဏာတည်နိုင်တဲ့ သမ္မတအမိန့်နဲ့ အရေးပေါ် အာဏာတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ စည်းကြပ်ခွန်နှုန်းထားတွေကို တဖက်သတ်သတ်မှတ်ခဲ့ပြီး ကုန်သွယ်ရေးကို လက်နက်တခုလို သုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေကန့်သတ်ချက်ဘောင်တွေကို အရ အငြင်းပွားစရာဖြစ်စေတဲ့ အများအပြားလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဥပမာ အလံ မီးရှို့တာဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်လို့ တရားရုံးချုပ်က သတ်မှတ်ထားပေမဲ့ ဆန္ဒပြပွဲတွေမှာ အလံမီးရှို့တဲ့သူတွေ ထောင်ကျအောင်တရားစွဲဖို့၊ ဗီဇာနဲ့ နေထိုင်ခွင့်တွေ ရုပ်ဖို့ အမိန့်တွေ လက်မှတ်ထိုး ခဲ့ပါတယ်။
ကစားကွက် (၃) တရားစီရင်ရေးကို ဖိအားပေးစွက်ဖက်ခြင်း
သူ့ရဲ့ ပထမသက်တမ်းအတွင်းမှာ ထရမ့်ပ်က တရားရုံးချုပ်တရားသူကြီး သုံးဦးနဲ့ ဖက်ဒရယ်တရားသူကြီး ဒါဇင်နဲ့ချီပြီး ခန့်အပ်ခဲ့ပါတယ်။ အဲဒီတရားသူကြီးတွေဟာ သူ့အပေါ် သစ္စာစောင့်သိရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ တရားရုံးချုပ်ကို သူ့ရဲ့ ရပ်တည်ချက်တွေကို ထောက်ခံပေးဖို့ လူသိရှင်ကြား ဖိအားပေးခဲ့ပြီး၊ သူခန့်အပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ သူ့အတွက် အဆင်ပြေအောင် ဆုံးဖြတ်ပေးသင့်တယ် အရိပ်အမြွက်ပြော ဆိုမှုတွေရှိခဲ့ပါတယ်။ တကယ်လည်း ကွန်ဆာဗေးတစ် အများစုဖြစ်နေတဲ့ တရားရုံးချုပ်ဟာ အမှုတချို့မှာ ထရမ့်ဘက်က ရပ်တည်ခဲ့ပြီးတော့ သမ္မတအာဏာကို ကျယ်ကျယ် ပြန့်ပြန့်ဖွင့်ဆိုတာကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်တာမျိုးနဲ့ တရားစီရင်ရေး ကို စွက်ဖက်ဖို့ ကြိုးစားတာမျိုးမှာတော့ ထရမ့်ပ်အလိုကျ မရပ်တည် ပေးခဲ့ပါဘူး။
ကစားကွက် (၄) ဗျူရိုကရေစီကို သစ္စာခံများဖြင့် အစားထိုးခြင်း
နောက်တချက်ကတော့ ပရော်ဖက်ရှင်နယ် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းကို သစ္စာခံအင်အားစု အဖြစ်ပြောင်းလဲပစ်ဖို့ ကြိုးစားတာပါ။ သမ္မတဟာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းသိန်းသောင်းချီ အလွယ်တကူထုတ်ပယ်နိုင်မယ့် အစီအစဉ်တွေ ပြန်အသက်သွင်းခဲ့ပါတယ်။ တကယ်လည်း ထုတ်ပယ်ခဲ့ပြီး နိုင်ငံရေးအရ ခန့်အပ်သူတွေနဲ့ အစားထိုးနိုင်အောင် လုပ်ခဲ့ပါတယ်။ အလုပ်ခန့်အပ်မှု လမ်းညွှန်ချက်အသစ်တွေမှာဆိုရင် လျှောက်ထားသူတွေကို သမ္မတရဲ့ မူဝါဒတွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတဲ့အကြောင်း အက်ဆေးရေးခိုင်းတဲ့ သစ္စာရှိမှုစစ်ဆေးတဲ့ မေးခွန်းတွေတောင် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝိုင်းဝန်း ကန့်ကွက်ခဲ့တဲ့ အတွက် ဒီအက်ဆေးတွေ မလိုအပ်ကြောင်း၊ အဲဒီအက်ဆေးအပေါ် အခြေခံအမှတ်ပေးမှာမဟုတ်ကြောင်း ဖြေရှင်းချက် ပြန်ထုတ်ခဲ့ရပါတယ်။
ကစားကွက် (၅)သတင်းအချက်အလက်နှင့် "အမှန်တရား" ကို ထိန်းချုပ်ခြင်း
အချက်အလက်တွေက သမ္မတထရမ့်ပ်ရဲ့ ဇာတ်လမ်းနဲ့ မကိုက်ညီတဲ့အခါ တင်ပြသူကို ဖယ်ရှားဖို့ ဝန်မလေးခဲ့ပါဘူး။ ဥပမာ အားဖြင့် အလုပ်အကိုင်ဆိုင်ရာ အစီရင်ခံစာမှာ အလုပ်အကိုင်သစ် ဖန်တီးနိုင်မှု ဖော်ပြချက်ကနည်းနေတဲ့အတွက် အလုပ်သမားစာရင်းအင်းဗျူရို (BLS) ရဲ့ အကြီးအကဲကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြင်ထားတဲ့ အစီရင်ခံစာ ပြန်ထုတ်ပါတယ်။ အစိုးရဝက်ဘ်ဆိုက်တွေကနေ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်တွေကို ဖျက်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ Smithsonian ပြတိုက်မှာ နိုင်ငံရေးအရ အရမ်းနိုးကြားလွန်းတယ်၊ "woke" ဖြစ်လွန်းတယ်လို့ ယူဆတဲ့ လူမျိုးရေး သမိုင်း၊ လူဝင်မှုကြီးကြပ်ရေး၊ LGBTQ နဲ့ ပတ်သက်တဲ့ ပြခန်းတွေ ပြန်ပြင်ဆင်ဖို့ ဒါမှမဟုတ် ဖယ်ရှားဖို့ ညွှန်ကြားခဲ့ပါတယ်။
ကစားကွက် (၆) ယဉ်ကျေးမှုအဖွဲ့အစည်းများကို ချုပ်ကိုင်ခြင်း
ထရမ့်ပ်က နိုင်ငံရဲ့ ထိပ်တန်းအနုပညာစင်တာဖြစ်တဲ့ Kennedy Center မှာ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ထိန်းချုပ်ခဲ့ပါတယ်။ အရင်ခေါင်းဆောင်ပိုင်းကို ဖယ်ရှားပြီးအနာဂတ် Kennedy Center Honors ဂုဏ်ပြုမှုတွေက သူ့အကြိုက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ခဲ့ပါတယ်။ "နောက်နှစ်ကျရင် ထရမ့်ပ်ကို ဂုဏ်ပြုမယ်၊ ဟုတ်ပြီလား" လို့တောင် နောက်ခဲ့ပါသေးတယ်။
ကစားကွက် (၇) စီးပွားရေးလုပ်ငန်းများတွင် အစိုးရတိုက်ရိုက်ပါဝင်ခြင်း
အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကြားကမျဉ်းကိုလည်း ထရမ့်ပ်က မှုန်ဝါးစေခဲ့ပါတယ်။ ချစ်ပ်ပြားကုမ္ပဏီကြီး Intel ကော်ပိုရေးရှင်းမှာ အစိုးရက ၁၀ ရာခိုင်နှုန်းနီးပါး ရှယ်ယာပိုင်ဆိုင်ဖို့ သဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်အစိုးရက ပုဂ္ဂလိကကုမ္ပဏီတခုမှာ ရှယ်ယာဝင်ယူတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လွတ်လပ်တဲ့ ဈေးကွက် အရင်းရှင်စနစ်နဲ့ မတူတော့ဘဲ နိုင်ငံတော်ဦးဆောင်တဲ့ အမျိုးသားရေးဝါဒ ပုံစံ ဖြစ်လာပါတယ်။
ကစားကွက် (၈) စစ်တပ်ကို နိုင်ငံရေးအရောင်ဆိုးခြင်း
အစိုးရိမ်ရဆုံးဖြစ်နိုင်တဲ့ ထရမ့်ပ်ရဲ့ လုပ်ရပ်ကတော့ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တွေကို ရှင်းလင်းထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ထရမ့်ပ်က စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌနဲ့အတူ အနည်းဆုံး တခြားထိပ်တန်းဗိုလ်ချုပ်ကြီး ၅ ဦးကို အလုပ်ထုတ်ခဲ့ပါတယ်။ စစ်ဘက်အရာရှိကြီး ၁၆ ဦး ထက်မနည်း ထုတ်ပယ်ခံရ ဒါမှမဟုတ် နေရာပြောင်း ရွှေ့ခံခဲ့ရပါတယ်။ စစ်တပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သရမယ်လို့ ကျမ်းကျိန် ရတာဖြစ်ပြီး သမ္မတကို သစ္စာခံမယ်လို့ ကျမ်းကျိန်ထားတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအမိန့်မျိုးမဆို နာခံမယ့် သစ္စာခံတွေကို ခန့်အပ်တာဟာ အာဏာရှင်တို့ရဲ့ ဂန္ထဝင်နည်းလမ်းဖြစ်ပါတယ်။
ကစားကွက် (၉) တရားရေးဌာနကို လက်နက်သဖွယ် အသုံးချခြင်း
အာဏာရှင်အစိုးရတရပ်ရဲ့ အထင်ရှားဆုံးလက္ခဏာကတော့ နိုင်ငံတော်အာဏာကိုသုံးပြီး ပြိုင်ဘက်တွေကို တိုက်ခိုက်တာပါ။ တရားရေးဌာနဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး ရန်ဘက်တွေကို စုံစမ်းစစ်ဆေးဖို့ အထူးအဖွဲ့တခု ဖွဲ့စည်းခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ အကြံပေးဟောင်းကနေ အဓိက ဝေဖန်အတိုက်အခံလုပ်သူဖြစ်လာတဲ့ ဂျွန်ဘိုလ်တန်ရဲ့ နေအိမ်ကို FBI က ဝင်ရောက် စီးနင်းခဲ့ပါတယ်။ နောက်ထပ်ဥပမာကတော့ ထရမ့်ပ်ကို ထိုးနှက်တယ်လို့ယူဆတဲ့ နယူးယောက်ပြည်နယ်ရှေ့နေချုပ် လီတီတီယာနဲ့ အောက်လွှတ်တော်အမတ်အဒမ်ရှစ်ဖ် တို့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခိုင်းခဲ့ပါတယ်။
ကစားကွက် (၁၀) သီးခြားလွတ်လပ်သောအဖွဲ့အစည်းများကို ထိန်းချုပ်လိုခြင်း
နောက်တချက်က နိုင်ငံတနိုင်ငံမှာ အမှီအခိုကင်း သီးခြားလွတ်လပ်စွာတည်ရှိဖို့ လိုအပ်တဲ့ ဗဟိုဘဏ်လို အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာပါ။ သမ္မတဟာ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး တဦးဖြစ်တဲ့ လီဆာကွတ်ခ်ကို အခြေမခိုင်တဲ့ စွပ်စွဲချက်တွေနဲ့ ရာထူးကထုတ်ပယ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ နိုင်ငံရဲ့ ငွေကြေးမူဝါဒကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်မှာ သစ္စာခံတယောက်နဲ့ အစားထိုးဖို့ ကြိုးစားမှုလည်းဖြစ်ပါတယ်။
ကစားကွက် (၁၁) မဲဆန္ဒနယ်လိုသလိုပြင်ဆင်ခြင်း
နောက်ဆုံးအချက်ကတော့ ရွေးကောက်ပွဲတွေကိုယ်တိုင်ကို ထိခိုက်စေတာပါ။ သမ္မတဟာ ရီပတ်ဘလစ်ကန်အမတ်နေရာတွေ ပိုရဖို့အတွက် Red States လို့ထင်ရှားတဲ့ ရီပတ်ဘလီကန်ပါတီအားကောင်းတဲ့ နေရာတွေမှာ မဲဆန္ဒနယ်မြေတွေ ပြန်လည်သတ်မှတ်တာ ကို အားပေးခဲ့ပါတယ်။ ဒါပေမဲ့ Blue States ထင်ရှားတဲ့ ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ နေရာတွေမှာ အလားတူလုပ်တဲ့အခါကျတော့ တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ သူ့ပါတီရဲ့အာဏာကို ခိုင်မြဲစေဖို့ ရွေးကောက်ပွဲဆိုင်ရာ နယ်မြေသတ်မှတ်မှုတွေမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်ပါတယ်။
စစ်တပ်၊ တရားစီရင်ရေး၊ စီးပွားရေး၊ သမိုင်း၊ နောက်ဆုံး မဲဆန္ဒနယ်မြေပိုင်းခြားသတ်မှတ်မှုအထိ လုပ်ရပ်တိုင်းဟာ အာဏာကို ထရမ့်ပ်လက်ထဲမှာ စုစည်းဖို့နဲ့ တခြားအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အမှီအခိုကင်း သီးခြားဖြစ်တည်မှု အားနည်းသွားစေဖို့ ရည်ရွယ်တာကို တွေ့နိုင်ပါတယ်။
အပိုင်း (၄) ထရမ့်ပ်ဟာ အာဏာရှင်လား
ဒါဆို မူလမေးခွန်းဆီကို ပြန်သွားကြရအောင်ပါ။ အာဏာရှင် ကစားကွက်တွေ တွေ့လာရပေမဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ အာဏာရှင်တယောက်လားဆိုတဲ့ မေးခွန်းကိုတော့ သဘောတရားအရတော့ မဟုတ်ဘူးလို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ထရမ့်ပ်ဟာ ရွေးကောက်ခံထားရသူဖြစ်သလို တရားရုံးတွေလည်း ထရမ့်ပ်လုပ်သမျှထောက်ခံပေးနေတာ မဟုတ်ဘဲ ထိန်းကျောင်းနိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်နယ်ထရမ့်ပ်ဟာ ကန့်သတ်ချက်ဘောင်တွေကို ကျော်လွှားရဲတဲ့၊ နှစ်များစွာ အမြစ်တွယ် လှိုက်စားနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြုပြုင်ပြောင်းလဲသူ၊ ကမ္ဘာ့အာဏာအစီအစဉ်နဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို လက်တွေ့ကျကျပြန်လည်ပုံဖော်နေသူလို့ ယူဆထောက်ခံသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ တိုင်းပြည်ကို ပြုပြင်ဖို့ အားကောင်းတဲ့၊ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်ကောင်းတယောက် လိုအပ်တယ်ဆိုတဲ့ အယူအဆ အားကောင်းနေသလို ထရမ့်ပ်ကလည်း ဒီအယူအဆအပေါ်မှာ အားကိုးအားထား ပြုနေတာ ဖြစ်ပါတယ်။
တဘက်မှာလည်း အမေရိကန်ဒီမိုကရေစီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်ကြီးတွေ၊ အမှီအခိုကင်း ပြီးသီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ အပြန်အလှန်ထိန်းကျောင်းမှုကို ပျက်ပြားစေတဲ့၊ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတခုကို တည်ဆောက်နေသူ၊ အမေရိကန်ရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး နိုင်သူစားစတမ်း ကမ္ဘာ့အာဏာအစီအစဉ်ကို အတည်ပြုသူအဖြစ် ဝေဖန်သူတွေလည်း ရှိနေပါတယ်။
စိုင်းခေတ်နွေ