Home
မြန်မာသတင်း
ကျပ်သန်းပေါင်း ၆,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
DVB
·
September 6, 2025
Photo : CCDAC MYANMAR

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်နဲ့ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ကနေ ကျပ်သန်းပေါင်း ၆,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိတယ်လို့ စစ်တပ်လက်အောက်ခံ မူးယစ်ဆေး ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က စက်တင်ဘာ ၅ ရက်နဲ့ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၃၀ ရက် ည ၁၀ နာရီမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန်ရွာနားမှာ မက်မန်းမြို့ဘက်ကနေ မိုင်းပျဉ်းမြို့ဘက်ကို စိုင်းဦးသီလ(ခ)စိုင်းရွက် မောင်းနှင်လာတဲ့ Toyota Kluger ကားအား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ကားပေါ်ကနေ အိုက်စ်(မက်သ်အဖက်တမင်း) ၄၂၀ ကီလို (ဒေသတန်ဖိုးငွေကျပ်သန်း ၃,၃၆၀) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ အဲဒီ အိုက်စ်မူးယစ်ဆေးတွေကို မက်မန်းမြို့နယ်၊ တာကော်လေးရွာနားကနေ မိုင်းပျဉ်းမြို့နယ်၊ နားယုန်ရွာနားကို သယ်ဆောင်ရောင်းဝယ်တာလို့ သိရပြီး သူ့ကို အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၅ ရက်ညပိုင်းကလည်း ပူးပေါင်းအဖွဲ့ဟာ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမှာ ဉာဏ်လင်း မောင်းနှင်ပြီး လှခိုင် လိုက်ပါလာတဲ့ Toyota LiteACE ကား၊ စံဝင်းလင်း မောင်းနှင်တဲ့ I Zone ကားနဲ့ ထက်အောင်ဇော် မောင်းနှင်တဲ့ ဆိုင်ကယ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာမှာ ကား ၂ စီးပေါ်ကနေ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို (ဒေသတန်ဖိုးငွေကျပ်သန်း ၃,၀၀၃) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၂၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်မှာ ဘိန်းဖြူတွေသယ်ရာမှာ ပူးပေါင်းပါဝင်သူ ဘုန်းမြင့်မြတ် ကို ပြင်ဦးလွင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၂၆ ရက် မနက်မှာ ဘိန်းဖြူတွေကို တာဝန်ခံသယ်ခဲ့သူ စိုးဝေလွင်(ဖမ်းဆီးရန်ကျန်)နဲ့ တင်မျိုးအောင်(ဖမ်းဆီးရန်ကျန်)တို့ ရှေ့ပြေးအဖြစ် ဆောင်ရွက်ရာမှာ အသုံးပြုခဲ့တဲ့ Nissan AD Van ကားကို မြစ်သားမြို့နယ်၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမှာ သိမ်းဆည်းရမိပြီး ဘိန်းဖြူတွေကို မူဆယ်ကနေ ရွာငံမြို့နယ်ကို သယ်ရာမှာ သုံးခဲ့တဲ့ စိုးဝေလွင် ပိုင်ဆိုင်တဲ့ Hino Profia ၁၂ ဘီကားကို ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်မှာ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဘိန်းဖြူတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ကနေ ရွာငံမြို့နယ်ကို၊ အဲဒီကတဆင့် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ကို ကားတွေပြောင်းလဲသယ်ဆောင်ခဲ့တာကို သိရှိရပြီး သူတို့ကို အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013