
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ EPC ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေ မပျက်မကွက် မဲပေးဖို့နဲ့ မြို့နယ်အကျိုး သယ်ပိုးမယ့်သူကို ရွေးချယ်မဲပေးဖို့ စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက တိုက်တွန်းပြောပါတယ်။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှာ သြဂုတ် ၃၁ ရက် နေ့လယ်က ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့တာလို့ ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေရော မိသားစုဝင်တွေရော အကုန်လုံး မဖြစ်မနေ မဲပေးဖို့၊ မဲပေးရင် ကိုယ့်မြို့နယ်အကျိုး သယ်ပိုးတဲ့သူ ရွေးပြီးမဲပေးဖို့၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်အောင် နေဖို့၊ ဝန်ထမ်းအိမ်ရာမှာ သီးပင်စားပင်စိုက်ဖို့ လာပြောတာ။ ဒါပေမဲ့ အခုရွေးကောက်ပွဲမှာ သာကေတမြို့နယ်မပါဘူး။”
တခြားဝန်ကြီးဌာနလက်အောက်ခံ စည်ပင်၊ ထွေအုပ်၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေးဌာနတွေမှာလည်း ဝန်ထမ်းတွေရော ဝန်ထမ်းမိသားစုတွေပါ ၂၀၂၅ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဖြစ်မနေ မဲပေးဖို့ ပြောဆိုမှုရှိတယ်လို့ ထွေအုပ်ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“အခုရွေးကောက်ပွဲမှာ ဝန်ထမ်းတွေကို အိမ်ရှိလူအကုန် မဲပေးခိုင်းထားတာ၊ အိမ်မှာရောက်နေတဲ့ အဒေါ်ဆို စစ်ရှောင်လာတာ၊ လားရှိုးကိုမပြန်သေးဘူး၊ မပြန်ပေမဲ့ လားရှိုးမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် ဒီကနေ မဲလှမ်းပေးရမယ်ဆိုလို့ ဌာနကို အချက်အလက်တွေ ပေးထားရတယ်။”
ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာ မြို့နယ် ၄၅ မြို့နယ်၊ မြို့ ၂၁ မြို့ရှိတဲ့ ရန်ကုန်တိုင်းက ခရိုင်အခြေစိုက်ရာ မြို့နယ် ၁၂ မြို့နယ်သာ ပါဝင်ပါတယ်။
အဲဒီမြို့နယ်တွေမှာ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တွေပဲ ဖြစ်ပါတယ်။
မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါတီပေါင်း ၆၁ ပါတီ ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက ၉ ပါတီက မြန်မာနိုင်ငံတဝန်းလုံး ဝင်ပြိုင်သွားမှာဖြစ်ကာ ကျန်တဲ့ ၅၂ ပါတီက ပြည်နယ်နဲ့တိုင်းကပဲ ပြိုင်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။