Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်၌ ဝင်ရောက်လာသူများ၏ ခရီးဆောင်အိတ်များကို တင်းကျပ်စစ်ဆေးနေ  
DVB
·
September 1, 2025

ပြည်ပနိုင်ငံတွေကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဝင်ရောက်လာသူတွေရဲ့ ခရီးဆောင်အိတ်တွေနဲ့ သယ်ယူလာတဲ့ တခြားအိတ်တွေကိုပါ လေဆိပ်က ဝန်ထမ်းတွေက တင်းကျပ် စစ်ဆေးနေကြောင်း လေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ လေဆိပ်က သယ်ခွင့်မရှိတဲ့ တားမြစ်ပစ္စည်းတွေနဲ့ အကောက်ခွန်ဦးစီးဌာနကို အခွန်ဆောင်ပြီး သယ်ယူခွင့်ရှိတဲ့ ပစ္စည်းတွေစာရင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလို တင်းကျပ်စစ်ဆေးလာတာပဲ ဖြစ်ပါတယ်။

ဩဂုတ်လ နောက်ဆုံးပတ်က ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်လာခဲ့စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က “အခု လိုင်းပေါ်ပျံ့နေတဲ့ တားမြစ်ပစ္စည်း ဘာညာနဲ့ တခြားရွှေထည်ပစ္စည်းတွေ ဝတ်သွားတဲ့အတိုင်း ပြန်ယူလာရမယ် ဆိုတာက အရင်ကတည်းက ကြေညာထားတာလို့ လေဆိပ်က ဝန်ထမ်းက ပြောတယ်။ ဒါပေမဲ့ ကိုယ်တွေကြုံခဲ့တာကတော့ ရန်ကုန်အဝင်လေဆိပ်မှာ အိတ်တွေ အကြီးတွေရော အိတ်အသေးတွေ အသေစစ်တယ်။ ပစ္စည်းအသစ်တွေ ဝယ်လာတာတွေ့ရင် အများကြီးပါလာတာဆိုရင် သူတို့ စကားအတော်ပြောယူရတယ်၊ တော်တော်လေးရစ်တယ်၊ ကိုယ်တွေ‌ရှေ့ကလူကိုဆိုရင် အလှကုန်ပစ္စည်းတွေ တခုချင်းစီ ထုတ်စစ်တယ် အကုန်။ သူများတွေတော့ မသိဘူး၊ ကိုယ်တွေလို ဆိုင်ရာပိုင်ရာမဟုတ်တဲ့ သာမန်ပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခတွေပေါ့။ လေဆိပ်က ဝန်ထမ်းတွေအတွက်ကတော့ ငွေရပေါက်တခုလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

ပြည်ပဆိုက်ရောက် ခရီးသည်တွေအပေါ် ဆောင်ရွက်နေတဲ့ တားမြစ်ပစ္စည်းတွေနဲ့ ကတိဝန်ခံချက်တွေအပြင်  နိုင်ငံခြားသုံးငွေနဲ့ လက်ဝတ်ရတနာများ ယူဆောင်ခြင်းဆိုင်ရာ ခွင့်ပြုချက် စတဲ့ ကြေညာချက်တွေက လေဆိပ်မှာ ဟိုးအရင်တွေကတည်းက ကြေညာထားတာ ဖြစ်ကြောင်း လေဆိပ်ဝန်ထမ်းတွေဆီက စုံစမ်းသိရပါတယ်။

ဒါပေမဲ့ ကြေညာချက်တွေကို လတ်တလော ထုတ်ပြန်ချက်ပုံစံဖြစ်အောင် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ မျှဝေနေကြတာလည်း ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် မကြာခင် မိသားစုနဲ့အတူ ပြည်ပထွက်ဖို့ ပြင်ဆင်နေသူတယောက်ကတော့ စိုးရိမ်ပူပန်နေကြောင်း ပြောပါတယ်။

“အာဏာသိမ်းပြီးကတည်းက အခွင့်အရေးတွေ အားလုံးကို သူတို့စိတ်ကြိုက် လုပ်နေတာပဲလေ။ အခုလို ထုတ်ပြန်တာ လုပ်နေတာ သိပ်တော့လည်း မထူးဆန်းဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးတွေကိုတော့ တအားချိုးဖောက်တာ အရမ်းများနေပြီ။ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက် လုပ်ပိုင်ခွင့် မရှိဘူး ဆိုတာကတော့ သိပ်တော့မဟုတ်တော့ဘူး။ ယူသွားတဲ့ လက်ဝတ်ရတနာအတိုင်း ပြန်မပါလာရင်ရော သူတို့က အရေးယူမှာလား။ ဒီဆွဲကြိုးလေးကြိုက်လို့ နားကပ်လေးကြိုက်လို့ ကိုယ်ဝယ်လာရင်ရော သူတို့က သိမ်းမှာလား။ အဓိက သူတို့က သိမ်းချင်တာ။ သူတို့ တခုခု ထုတ်ပြန်တယ် ဆိုကတည်းက ပြည်သူတွေဘက်ကတော့ အနေကျပ် အစားကျပ်နဲ့ ဒုက္ခရောက်သွားတာပဲ  ရှိပါတယ်၊ အဆင်ပြေသွားတယ်လို့ တခါမှ မရှိပါဘူး။”

၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ အမိန့်ကြေညာချက်အရ ပြည်ပထွက်ခွာမယ့်သူတွေ အနေနဲ့ အကောက်ခွန်က မျက်မြင် ဖွင့်ဖောက်စစ်ဆေးခွင့်ရှိတာ၊ တကိုယ်ရေသုံး ကင်းလွတ်ခွင့်ရှိမယ့် ပစ္စည်းတွေကအပ အခွန်ဆောင်ရမှာဖြစ်ကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထက် မပိုတဲ့ ငွေသား၊ မြန်မာကျပ်ငွေ သိန်း ၁၀၀ ထက်မပိုတဲ့ လက်ဝတ်ရတနာတွေကို လေဆိပ်က အကောက်ခွန်မှာ ကြေညာခဲ့ရမှာဖြစ်ပြီး ပြည်ပက ပြန်လည်ရောက်ရှိလာချိန်မှာ ကြေညာထားခဲ့တဲ့အတိုင်း ပြန်လည်ယူဆောင်လာရမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013