
ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အားပျော့သွားပြီး အနောက်ဘက်ကို ရွေ့လျားပြီးတော့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပေမဲ့ ဒီလေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စစ်ကော်မရှင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ် ၃၁ ရက်နေ့ ခန့်မှန်းချက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီလေဖိအားနည်းဆဲလ် အရှိန်ကြောင့် ဒီကနေ့ နေ့လယ်ကနေ စက်တင်ဘာ ၃ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းတောင် တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
ဗီယက်နမ်ကို ဦးတည်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း နောင်ဖဟာ ဩဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းက လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်ဒေသတွေမှာ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression) အဖြစ် အားလျော့သွားခဲ့တာဖြစ်ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ကာ အခုလို ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့တာပဲ ဖြစ်ပါတယ်။
မြတ်သဇင်