Home
မြန်မာသတင်း
VOA ဒါရိုက်တာကို အလုပ်ထုတ်မှု တရားမဝင်ဟု တရားရုံးအမိန့်စာ ထုတ်ပြန်
DVB
·
August 29, 2025

ထရမ့်ပ်အစိုးရခန့်အပ်ထားတဲ့ USAGM အကြီးအကဲ ကယ်ရီလိခ်က VOA ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝစ်ဇ်ကို အလုပ်ကနေထုတ်ပယ်တာဟာ လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီတဲ့အတွက် တရားမဝင်ဘူးလို့ တရားသူကြီး Lamberth က အမိန့်စာထုတ်ပြန်လိုက်ပါတယ်။ 

ဒေသစံတော်ချိန် ဩဂုတ် ၂၅ ရက်နေ့က VOA အမှု ၂ ဖက်ကြားနာပွဲကို အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ ခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့ပြီးနောက် ၂၈ ရက်နေ့မှာ တရားသူကြီးက အမိန့်စာ ထုတ်ပြန်ခဲ့တာပါ။ 

မအင်ကြင်းနိုင် (အစီအစဉ်တင်ဆက်သူ- VOA မြန်မာပိုင်း) က “တရားသူကြီးထုတ်ပြန်တဲ့ အမိန့်စာမှာ VOA ဒါရိုက်တာကို အေဂျင်စီကနေ ရာထူးကနေ ထုတ်ပယ်လိုက်တာဟာ တရားမဝင်ဘူး၊ လုပ်ပိုင်ခွင့်မရှိဘူး၊ ဥပဒေနဲ့မညီဘူး။ အဲ့ဒီအတွက် အလုပ်ထုတ်လို့မရဘူးဆိုပြီးတော့ အမိန့်ထုတ်လိုက်တာပေါ့။ အဲ့ဒီတော့ တရားရေးအရပြောမယ်ဆိုရင် ကျမတို့ဘက်က ဒါနဲ့ပတ်သက်ပြီးတော့ နိုင်တယ်လို့ ပြောလို့ရပါတယ်။ အမိန့်စာမှာ VOA ဒါရိုက်တာတယောက်ကို ခန့်တာတို့၊ ထုတ်တာတို့ကို အမေရိကန်လွှတ်တော်က VOA နဲ့ပတ်သက်ပြီးတော့ ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း ဘုတ်အဖွဲ့ရှိတယ်၊ အဲ့ဒီဘုတ်အဖွဲ့ရဲ့သဘောတူညီချက်ရမှသာ VOA ဒါရိုက်တာကို ရာထူးကနေ ထုတ်တာတို့ ခန့်တာတို့ လုပ်လို့ရတယ်ပေါ့နော်။ အဲ့ဒီအတိုင်းလုပ်ဖို့ တရားသူကြီးက ဆုံးဖြတ်ပေးလိုက်တဲ့အတွက် ကျမတို့ဒါရိုက်တာကို ကယ်ရီလိခ်ဦးဆောင်နေတဲ့ USAGM က အလုပ်ထုတ်ပယ်လို့ မရဘူးဆိုတဲ့သဘောဖြစ်ပါတယ်” လို့ ပြောပါတယ်။

VOA ကို ပုံမှန်ပြန်လည်ပတ်ဖို့ တရားရုံးက ဆုံးဖြတ်ထားပေမဲ့ လတ်တလောမှာ ဘာသာစကား ၄ ခုနဲ့ တနေ့မှာ အချိန်တနာရီပဲ အသံလွှင့်လုပ်ငန်းတွေကို လည်ပတ်နေတာပါ။ နောက်ရုံးချိန်းမှာ ၀န်ထမ်းတွေဘက်က မေးမြန်းသမျှကို အေဂျင်စီ အကြီးအကဲတွေဘက်က တရားရုံးမှာ တိုက်ရိုက်ပြန်ဖြေကြားဖို့ တရားသူကြီးက ဩဂုတ် ၂၅ ရက် ၂ ဖက်ကြားနာပွဲမှာ အစီအစဥ်ချမှတ်ထားပါတယ်။

တရားသူကြီး Lamberth ရဲ့ ဇူလိုင် ၂၉ ရက်နေ့ အမိန့်ထုတ်ပြန်ချက်မှာ VOA အသံလွှင့်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ထရမ့်ပ်အစိုးရက မဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့အကြောင်းပြချက်ပေးဖို့၊ ၂၀၂၅ ခုနှစ်အတွက် VOA ရဲ့ဘတ်ဂျက်ငွေ ဒေါ်လာ သန်း ၂၆၀ ကို ထရမ့်ပ်အစိုးရလက်ထက်မှာ ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို တင်ပြဖို့ စတာတွေကို ဖော်ပြခဲ့ပါတယ်။ 

ဒီအချက်တွေကို ဩဂုတ် ၂၅ ရက် ၂ ဖက်ကြားနာပွဲမှာ ထရမ့်ပ်အစိုးရကိုယ်စားလှယ်တွေဘက်က တရားသူကြီးစိတ်တိုင်းကျအောင် မဖြေရှင်းနိုင်ခဲ့ဘူးလို့ ရုံးချိန်းအပြီး သတင်းစာရှင်းလင်းပွဲမှာ VOA ဝန်ထမ်းတွေက ပြောဆိုထားပါတယ်။

မအင်ကြင်းနိုင် (အစီအစဉ်တင်ဆက်သူ- VOA မြန်မာပိုင်း) က "လွှတ်တော်က VOA နဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းချက်ထဲမှာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ရင် ကျမတို့ကို အပြည့်အဝပေးထားတယ်။ Editorial အပိုင်းမှာ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရမှ ဝင်ရောက်စွက်ဖက်ခွင့်မရဘူး၊ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေမှာ သတင်းတွေကို မှန်မှန်ကန်ကန်တင်ပြခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးရှိပါတယ်။ အမေရိကန်စံတန်ဖိုးတွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး အပြည့်အဝရဖို့အတွက်လည်း ကျမတို့ရင်ဆိုင်နေရတဲ့အမှုဟာ အရေးကြီးပါတယ်။ ဒီ့အတွက်ကို ကျမတို့က ထရမ့်ပ်အစိုးရအဖွဲ့နဲ့ တရားရင်ဆိုင်နေတာဖြစ်ပါတယ်။ ကျမတို့ VOA လုပ်ငန်းတွေ အရင်အတိုင်း ပြန်လည်ပတ်ခွင့်ရရေးအတွက် ကျမတို့ ရင်ဆိုင်နေပါတယ်” လို့ ပြောပါတယ်။

VOA လုပ်ငန်းတွေပြန်လည်ပတ်ဖို့ ဧပြီလမှာချမှတ်ထားတဲ့ တရားရုံးအမိန့်ကို မလိုက်နာတဲ့အတွက် သမ္မတထရမ့်ပ်ခန့်အပ်ထားတဲ့ USAGM အေဂျင်စီအကြီးအကဲ ကာရီလိခ်အနေနဲ့ မကြာခင် အရေးယူခံရနိုင်ဖွယ်ရှိတယ်လို့ ဒီစီခရိုင်တရားသူကြီး Lamberth က ဩဂုတ် ၂၅ ရက်ရုံးချိန်းမှာ သတိပေးစကားပြောဆိုခဲ့ပါတယ်။ 

ထရမ့်ပ်အစိုးရဘက်က ရှင်းလင်းချက်တွေပေးဖို့ နောက်တကြိမ် ၂ ဖက်ကြားနာပွဲထပ်လုပ်မယ်လို့ တရားသူကြီးက ပြောဆိုထားပြီး ဘယ်နေ့မှာ ရုံးချိန်းပြန်ခေါ်မယ်ဆိုတာကိုတော့ အတည်မပြုရသေးပါဘူး။ 

သမ္မတထရမ့်ပ်ရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်က တရားပြန်စွဲထားတဲ့အမှု ၂ ခုရှိခဲ့ပြီး တခုက လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ ဂျာနယ်လစ်တွေက စွဲထားတဲ့အမှုဖြစ်ပါတယ်။ နောက်တခုက သမ္မတထရမ့်ပ်ရဲ့အမိန့်ဟာ လွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း VOA ဒါရိုက်တာက စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013