
ကရင်နီပြည်ရဲဌာန (KSP) က တည်ထောင်ပြီး ၄ နှစ်အတွင်း အမှုပေါင်း ၆၄၁ မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ သူတို့ရဲ့ ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကရင်နီပြည်ရဲဌာန (KSP) က စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့အမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ လူနဲ့ ပစ္စည်းထိခိုက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
KSP စတင်ဖွဲ့စည်းချိန်ကစပြီး လက်ရှိအချိန်အထိ မြို့နယ်ရဲဌာနရုံး ၆ ရုံး၊ နယ်မြေရဲစခန်း ၆ ခန်း၊ နယ်မြေလုံခြုံရေးရဲစခန်း ၁၆ စခန်း၊ နယ်မြေလုံခြုံရေး ရဲကင်း ၁၂ ခု၊ ရဲဂိတ် ၁၀ ခုနဲ့ ရဲထိန်းရုံး ၁ ရုံး ဖွင့်လှစ်ကာ လူထုအခြေပြုလုပ်ငန်းနဲ့ ကရင်နီပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ကရင်နီပြည်ရဲဌာန ရဲစခန်းတွေရဲ့ စိုးမိုးမှုနယ်မြေအတွင်း ပြည်သူ့လုံခြုံရေးအတွက် လှည့်ကင်း ရပ်ကင်းတွေ၊ ကျေးရွာပြည်သူလူထုတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အများပြည်သူ သွားလာနေတဲ့ လမ်းတွေပေါ်မှာ ရှောင်တခင် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။