
ကျောက်ပန်းတောင်းမြို့မှာ မနေ့ သြဂုတ် ၂၅ ရက် မနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မီးလောင်မှုမှာ သြဂုတ် ၂၅ မနက် ၈ နာရီ ၁၈ မိနစ်လောက်က ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်၊ မဉ္ဇူသကလမ်းရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တထပ်နေအိမ်ကနေ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဲ့ဒီနေအိမ်က အမျိုးသားတယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ပေးသူက “မီးစတင်လောင်တဲ့ နေအိမ်ရှင် ဒေါ်ကြည်တင်ဆိုသူက သူ့သားဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိ ဦးအောင်ဖြိုးမင်းက စိတ်မနှံ့တာကြောင့် ခြေထောက်ကို သံကြိုးချည်ပြီးသော့ ခတ်ထားတာ။ အဲဒီအချိန် သူ့သားက ဂတ်(စ်)မီးခြစ်နဲ့ ကစားရင်းဘေးနားက ဝါးထရံကို မီးကူးပြီး လောင်တာ။ လူပါ မီးလောင်တဲ့အထဲ ပါသွားတာ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ်ပျက်စီးခဲ့ပြီး အခြားအိမ်တွေ မီးကူးစက်တာမရှိဘဲ မီးထိန်းနိုင်ခဲ့ပြီး ကျောက်ပန်းတောင်း မီးသတ်တပ်ဖွဲ့နဲ့ မြို့ခံလူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကူညီကာ မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိတဲ့ အရပ်သားတယောက်က “သေဆုံးသူက အသက် ၃၅ နှစ်ဝန်းကျင်အမျိုးသားပါ။ အိမ်ပိုင်ရှင်ရဲ့ သားအရင်းပေါ့။ သူကစိတ်မနှံ့တဲ့သူ။ သူ့အနီးရှိတဲ့ မီးခြစ်ကို ခြစ်ရင်းဖြစ်တာ။ သူ့ရဲ့အလောင်းကို ကျောက်ပန်းတောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိမ်ရှင်ဒေါ် ကြည်တင်ကို ကျောက်ပန်းတောင်းမြို့မရဲစခန်းက (ပ) အမှတ် ၉၇/၂ဝ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။