
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ အပါအဝင် ပကဖ ၁၃ ယောက်ကို ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ဖမ်းဆီးလိုက်ပြီး ကနဦး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဗဟိုကော်မတီအဖွဲ့ထံက သိရပါတယ်။
ကနဦး စစ်ဆေးတွေ့ရှိချက်တွေကို သြဂုတ် ၂၁ ရက်က ကြားဖြတ်ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ကနီမြို့နယ် တာဝန်ခံ အပါအဝင် ပကဖ ၁၃ ယောက်ကို ပြည်သူပိုင်ငွေကြေး စီမံခန့်ခွဲရာမှာ အလွဲသုံးစားမှု ရှိနိုင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးဖို့ ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။
ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဝင်တယောက်က “သြဂုတ်လ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်တာ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့က ဖမ်းဆီးချုပ်နှောင်ပြီး ကနဦး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
သိန်းပေါင်း ၅၇,၀၀၀ အလွဲသုံးစားလုပ်တာ သူတို့ကို ခေါ်ယူစစ်ဆေးဖို့ ခေါ်တာကို မလာဘူး၊ ဝန်ကြီးဌာနက ညွှန်ကြားချက်ရလို့ သွားရောက်ဖမ်းဆီးခဲ့ရတာလို့ ဆိုပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း တိုင်ကြားမှုတွေကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ တွေ့ရှိချက်တွေအရ ဆက်လက်စစ်ဆေးပြီး အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ခဲ့တာကြောင့် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ တာဝန်ခံ အပါအဝင် ၁၃ ယောက်ကို ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အမိန့်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။