
အင်အားပြင်း ငလျင်ကြောင့်ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ကလေးတယောက်နဲ့ အမျိုးသမီး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရှိထုတ်ယူနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဩဂုတ် ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အအုံ A အဆောင်ကို NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းရှင်းလင်းနေတာဖြစ်ပြီး ဩဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ မှာ အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက အဆောင် A၊ အခန်းအမှတ် A4 ကနေ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခန်းကနေ မွန်းလွဲ ၁ နာရီမှာ ယောကျ်ားလေး ၁ ယောက်ရဲ့အလောင်းကိုထုတ်ယူနိုင်ခဲ့သလို နေ့လယ် ၁၂ နာရီကလည်း အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းတွေကို မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပြီး ဩဂုတ် ၁၉ ရက်ကလည်း အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပါသေးတယ်။
ဩဂုတ် ၁၃ နဲ့ ၁၄ ရက်ကလည်း အလောင်း ၆ လောင်း ထုတ်ယူနိုင်ခဲ့ပြီး Sky Villa ဟာ ငလျင်ကြောင့် မန္တလေးမှာ အသေအပျောက်အများဆုံးဖြစ်သလို ကျန်ရှိတဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနေဆဲဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်း ၁၆၀ ကျော် ထုတ်ယူနိုင်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် တိုင်းနဲ့ပြည်နဲ့ ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်းပိတ်မိနေသူတွေထဲက အသက်ရှင်သူ ၆၅၃ ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။