
အင်အားပြင်း ငလျင်ကြောင့်ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦကနေ ပြီးခဲ့တဲ့ ၂ ရက်အတွင်း အလောင်း ၆ လောင်း ထပ်တွေ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အဦ A အဆောင်ကို Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းရှင်းလင်းနေတာမှာ ဩဂုတ် ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်က ရုပ်အလောင်းတွေ့တဲ့သတင်းရလို့ မီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ညနေ ၅ နာရီကျော်မှာ A အဆောင်၊ ၃ လွှာ၊ အခန်းအမှတ် E3 ကနေ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၃ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၃ ရက် မနက် ၁၁ နာရီလောက်ကလည်း A အဆောင်၊ ၃ လွှာ၊ အခန်းအမှတ် E3 ကနေ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး ညနေ ၅ နာရီကျော်မှာလည်း အဲဒီအခန်းကနေ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကိုထုတ်ယူနိုင်လို့ မြတ်သဒ္ဒါ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပါသေးတယ်။
Sky Villa ဟာ ငလျင်ကြောင့် မန္တလေးမှာ အသေအပျောက်အများဆုံးဖြစ်သလို ကျန်ရှိတဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနေဆဲဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်း ၁၅၀ ကျော် ထုတ်ယူနိုင်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် တိုင်းနဲ့ပြည်နဲ့ ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်းပိတ်မိနေသူတွေထဲက အသက်ရှင်သူ ၆၅၃ ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။