
နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ဥယျာဉ်စု အခြေခံပညာမူလတန်းကျောင်းရှေ့မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်း ၁၄ ခန်းကို နှစ် ၃၀ ငှားရမ်းစာချုပ်ပြည့်သွားချိန် ချက်ချင်းဖယ်ရှားခိုင်းနေတာကြောင့် ဆိုင်ခန်းရှင်တွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
ဥယျာဉ်စု အ.မ.က ကျောင်းရှေ့က အဆောက်အဦတွေကို ပညာရေးဌာနက နှစ် ၃၀ ငှားရမ်းစာချုပ်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဝယ်ယူသူတွေက အဆောက်အဦကို ပိုင်ဆိုင်ခဲ့ကာ မြေငှားခကို လစဉ်ပေးနေရတာဖြစ်ပါတယ်။
နှစ် ၃၀ ငှားရမ်းစာချုပ်က ပြည့်သွားပြီဖြစ်တဲ့အတွက် ဆိုင်ခန်းတွေကို ရှင်းမှာ ဖြစ်သလို ဩဂုတ် ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ မထွက်ခွာရင် အင်အားသုံးဖြိုခွင်းမယ်ဆိုပြီး ဩဂုတ် ၂၂ ရက်က အစည်းအဝေးခေါ်ပြီး အသိပေးခဲ့တယ်လို့ ဥယာဉ်စု ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ဒီလို ငှားရမ်းစာချုပ်ပြည့်သွားလို့ ဖယ်ခိုင်းတာက မတ်လကတည်းက ဖြစ်ပြီး ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် လေးလစောင့်ဆိုင်းပြီးမှ ဩဂုတ်လမှာ ဖယ်ရှားခိုင်းတာလို့ ပျဉ်းမနားမြို့နယ် ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့ အသိုက်အဝန်းဆီက သိရပါတယ်။
ဆိုင်ခန်း ပိုင်ရှင်တွေဟာ လက်ရှိကာလက ငလျင်လှုပ်ခတ်ခဲ့တာကြောင့်နဲ့ ဝါတွင်းကာလဖြစ်နေတဲ့အတွက် ပြောင်းရွှေ့ဖို့နေရာ အဆင်မပြေဖြစ်နေကြတယ်လို့လည်း ဥယာဉ်စု ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“ပျဉ်းမနားမှာလည်း အခြား အစိုးရပိုင် နေရာတွေမှာရှိတဲ့ ဆိုင်ခန်းတွေ ဖယ်ရတာ ရှိပါတယ်။ ကွာခြားချက်က အခြားနေရာတွေက နစ်နာကြေးရပါတယ်။ အေးအေးဆေးဆေး ဖြိုဖျက်ခွင့်ရတော့ ပစ္စည်းတွေ အေးဆေးသိမ်းဆည်းခွင့်ရကြတယ်။”
ဆိုင်ခန်းတွေ ဖယ်ရှားပေးခြင်း မရှိပါက ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက မှတ်ချက်ပြုထားကာ နိုင်ငံတော်အဆင့် ညွှန်ကြားထားတာ ဖြစ်တဲ့အတွက် ထပ်ပြီး ညှိနှိုင်းလို့ မရတော့ဘဲ အပြီးဖယ်ရှားခိုင်းနေတာလို့လည်း သိရပါတယ်။
Myat Tha Zin