
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ရွှေဝါလတ်ခန်းမမှာ သြဂုတ် ၂၀ ရက် နေ့လယ်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုဝင်တွေနဲ့ ဒေသခံတချို့ကို အီလက်ထရောနစ် မဲပေးစနစ် မဲပေးစက် MEVM အသုံးပြုပုံကို ရှင်းလင်းပြသခဲ့တယ်လို့ ကျိုက်လတ်မြို့ခံတွေဆီက သိရပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေး လဝက ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဌာနက ဝန်ထမ်းတွေက MEVM အသုံးပြုပုံကို ရှင်းလင်းပြသခဲ့တယ်လို့ ဆိုပါတယ်။
မဲပေးပုံ သရုပ်ပြအခမ်းအနား တက်ရောက်ခဲ့သူတယောက်က “မအားတဲ့ကြားထဲက သွားရတာ၊ ဝန်ထမ်းမိသားစုတင်မဟုတ်ဘူး၊ မြို့ပေါ်ကသူတွေ၊ ကြံ့ခိုင်ရေးပါတီကလူတွေရော အကုန်တက်ရတာ၊ မတက်မနေရမို့ သွားတက်ခဲ့တာ၊ သူတို့က အရှေ့ကလုပ်ပြပြီး တက်ရောက်တဲ့သူတွေက လိုက်လုပ်ရတာ။ အများဆုံးတက်ရောက်လာတာကတော့ စည်ပင်ဝန်ထမ်းများတယ်၊ ဝန်ထမ်းတွေကိုတော့ ဘယ်လိုဖိအားပေးခေါ်လဲမသိဘူး၊ ကျနော်တို့ကတော့ မဖြစ်မနေတက်ရမယ်၊ မတက်ရင် အရေးယူမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တက်ခိုင်းလို့ တက်ခဲ့ရတာ” လို့ ပြောပါတယ်။
ကျိုက်လတ်မြို့ခံတယောက်ကလည်း “ရွေးကောက်ပွဲနီးလာတော့ ကြံ့ခိုင်ရေးပါတီနဲ့ ထွေအုပ်ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေက တွေ့သမျှနေရာတိုင်း လိုက်စည်းရုံးနေကြတာပဲ။ သူတို့ကို အလိုက်အထိုက်သာ ဆက်ဆံနေရတာ၊ မဲကတော့ လုံးဝပေးမှာမဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်ဖြစ်ရင်လည်း သူတို့ပဲရမှာလေ။ ဘယ်ပါတီပြိုင်ပြိုင် လက်ရှိ ကြံ့ခိုင်ရေးပဲ ရမှာပဲလေ။ ကျိုတ်လတ်မြို့မှာက စစ်မှုထမ်းဥပဒေကြောင့် အကုန်ကြောက်နေရတာ။ ခုတော့ သူတို့အတွက် ပိုကောင်းတာပေါ့။ စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်ပြီး မဲပေးခိုင်းဦးမှာ” လို့ ပြောပါတယ်။
အီလက်ထရောနစ် မဲပေးစက် MEVM အသုံးပြုပုံကို ဧရာဝတီတိုင်းထဲက မြို့နယ်အတော်များများမှာ စတင်သရုပ်ပြ သင်ကြားပေးခဲ့ပြီး သင်တန်းတက်ရောက်ခဲ့တဲ့ ဝန်ထမ်းတွေကနေတဆင့် မြို့နယ်အလိုက် ပြန်လည်သင်ကြား ပြသတာတွေ လုပ်ဆောင်နေတယ်လို့ ပုသိမ်မြို့မှာ သင်တန်းတက်ရောက်ခဲ့တဲ့ ကျောင်းဆရာမတွေဆီက သိရပါတယ်။