Home
မြန်မာသတင်း
တရုတ်ဖိအားတွေက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေလဲ
DVB
·
August 20, 2025

နွေဦးတော်လှန်ရေးကာလမှာ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်မှာ အကျပ်အတည်းတွေ့နေတဲ့ မြန်မာအာဏာသိမ်း စစ်တပ်ဟာ တည်ငြိမ်ရေးခေါင်းစဉ်အောက်က တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားတခုတည်း ကြည့်တဲ့ လုပ်ရပ်ကြောင့် အသက်ရှုချောင်ခွင့်ရနေတာလို့ မြန်မာ့လေ့လာသူတွေက သုံးသပ်ပြောတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မြို့ပေါင်းဆယ်နဲ့ချီ လက်လွှတ်ခဲ့ရတဲ့စစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ထိုးစစ်ရပ်ဖို့ဖိအားပေးမှုတွေကြောင့် စစ်မျက်နှာလျှော့ချခွင့်ရရှိခဲ့ပြီး တခြားနေရာတွေမှာ တပ်အင်အားပြန်စုစည်းနိုင်တဲ့အထိ အချိန်ရသွားစေပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) မှ မြန်မာ့အရေးအကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆေးရဲ့ သုံးသပ်ချက်အရ တရုတ်ဟာ လွန်ခဲ့တဲ့နှစ်ကစပြီး မြန်မာစစ်တပ်ကို ပိုမိုထောက်ခံလာခဲ့တဲ့အကြောင်း ပြောပါတယ်။

“စကစရဲ့ ပြိုင်ဘက်တွေကို ထိုးစစ်ရပ်ဖို့၊ အပစ်ရပ်ဖို့ဖိအားအရမ်းပေးလာပါတယ်။ အခုဆိုရင် MNDAA ဟာ စစ်တပ်နဲ့ အပစ်ရပ်လိုက်ပါပြီ။ ဒါက စကစ အတွက် စိတ်သက်သာရာရစေပါတယ်။ TNLA ကတော့ ဖိအားတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ လက်နက်ရရှိဖို့၊ ငွေကြေးရရှိဖို့၊ တရုတ်နယ်စပ် ဖြတ်သန်းခွင့်ရရှိဖို့ စတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အခက်တွေ့လာရပါတယ်။"

တရုတ်ဟာ တဘက်မှာ တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ရပ်ဖို့ ဖိအားပေးတာ၊ လက်နက်စီးဆင်းမှုကို တဆင့်ခံထိန်းချုပ်တာ၊ နယ်စပ်ကုန်သွယ်ရေးကို ကန့်သတ် ထိန်းချုပ်တာတွေ လုပ်သလို အာဏာသိမ်းစစ်တပ်ဘက်ကိုတော့ နည်းပညာနဲ့ စစ်လက်နက်ထောက်ပံ့တာ သံတမန်ရေးအရ အသိအမှတ်ပြုတာတွေ လုပ်ခဲ့ပါတယ်။

ဒီအခြေအနေက စစ်တပ်ကိုအင်အားပိုကောင်းလာစေပြီး တော်လှန်ရေးတပ်တွေ ဖိအားတွေနဲ့ရင်ဆိုင်လာရကာ စစ်မြေပြင်အပြောင်းအလဲတွေဖြစ်လာစေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေက ပြောကြပါတယ်။

TNLA ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း တော်လှန်ရေးရဲ့ အဓိကအခက်ခဲထဲမှာ “ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု”ပါဝင်ကြောင်း ဩဂုတ် ၁၂ ရက်က ပြောပါတယ်။

အသေးစိတ်ကိုသိရှိရဖို့ DVB ကဆက်သွယ်မေးမြန်းရာမှာတော့ မှတ်ချက်ပေးစရာ “မရှိ” ကြောင်း သူက ဆိုပါတယ်။ ဒါပေမမဲ့ TNLA ပြောခွင့်ရသူ လွေးယေဦးက တရုတ်ဖိအားနဲ့ပတ်သက်လို့ ဩဂုတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောခဲ့ပါတယ်။

“ကျမတို့ရဲ့ စစ်ရေးအပေါ်မှာ လက်ရှိ တရုတ်အစိုးရရဲ့ပါဝင်မှုက တရုတ်အစိုးရရဲ့ဖိအားကတော့ တောက်လျှောက်ကို ရှိပါတယ်။ လတ်တလောမှာတော့ ကျမတို့သည် ဒီလိုမျိုးတိုက်ပွဲတွေကို မဖော်ဆောင်ဖို့ တရုတ်အစိုးရဘက်ကနေ ဖိအားပေးတာမျိုးတွေရှိပါတယ်။ တကယ်လို့ တရုတ်အစိုးရက ဆွေးနွေးပွဲတွေခေါ်တယ်၊ တွေ့ဆုံပွဲတွေခေါ်တယ်ဆိုရင် ကျမတို့ကတရုတ်အစိုးရရဲ့ ဖိအားကိုမလွန်ဆန်နိုင်လို့ ကျမတို့ သွားနေတာမျိုးတွေရှိပါတယ်။ ဆွေးဆုံမှုတိုင်းကျမတို့ကတော့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တာမျိုးတွေရှိပါတယ်။”

၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်က ရှမ်းမြောက်အခြေစိုက် တော်လှန်ရေးလက်နက်ကိုင် တပ်တွေဘက်ကို မီးစိမ်းပြခဲ့ပေမဲ့ နောက်ပိုင်းမှာ တရုတ်က ရပ်တည်ချက်ပြောင်းပြီး စစ်တပ်ဘက်က ရပ်ခဲ့တာလို့ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က မြန်မာ့အရေးအကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးက ပြောပါတယ်။

ဘာကြောင့် တရုတ်က ရပ်တည်ချက်ပြောင်းလာတာ ပါလဲ။ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့မဟာဗျူဟာကျစီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့၊ မြန်မာနိုင်ငံကို တရုတ်အပေါ်မှီခိုနိုင်ငံအဖြစ်ဆက်လက်ထားရှိဖို့၊ ဒေသတွင်းမှာသြဇာချဲ့ဖို့နဲ့ အနောက်နိုင်ငံတွေရဲ့ ဩဇာကိုတန်ပြန်ဖို့ဖြစ်တယ်လို့ တရုတ်အရေးအထူးပြုလေ့လာနေသူ အမျိုးသမီး တယောက်က ရှင်းပြပါတယ်။ 

“တရုတ်ရဲ့ကြားဝင်မှုဟာ ရေတိုအပစ်အခတ်ရပ်စဲရေးနဲ့ အကျိုးစီးပွား ကာကွယ်ရေးအတွက်ပဲဆိုရင် မြန်မာနိုင်ငံအတွက်အကျိုးရှိတယ်လို့ပြောဖို့ ခက်ခဲပါတယ်။ ရေရှည်မြန်မာနိုင်ငံကဖြစ်နေတဲ့ နိုင်ငံရေးရေသောက်မြစ်ပြသာနာအထိဖြေရှင်းဖို့ တရုတ်ဘက်က တာဝန်သိနိုင်ငံကြီးအနေနဲ့ လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံအနာဂတ် ဖက်ဒရယ် ပြည်ထောင်စုပဲပြောပြောတည်ထောင်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်ပါတယ်။ ဒါကလည်း တရုတ်က ဘယ်လောက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ငြိမ်းချမ်းရေးဗိသုကာအဖြစ် ရပ်တည်ဖို့ စဥ်းစားသလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်။”

တရုတ်က မြန်မာနိုင်ငံထဲက သူ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အာဏာသိမ်း စစ်တပ်ဘက်ကို ရပ်တည်နေတာလို့ ဝေဖန်သူအများစုက ဆိုကြပေမဲ့ တဖက်မှာလည်း တခြားအမြင်တခု ရှိနေပါတယ်။

တရုတ်ပြည်မှာ နေထိုင်သူဖြစ်သလို မြန်မာ့နိုင်ငံရေးနဲ့ တရုတ်အရေး လေ့လာသူဖြစ်တဲ့ ဒေါက်တာလှကျော်ဇောကတော့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံတွေကိုစုစည်းပြီး  အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးရေးနစ်ကိုတိုက်ဖို့ လွတ်လပ်တဲ့ဈေးကွက်တခု ဖန်တီးနေတယ်လို့ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိုင်ငံက တရုတ်ရဲ့ အဲဒီ ဈေးကွက်အစီအစဉ်ထဲမှာပါတဲ့အတွက် စစ်တပ်က အသက်ရှူချောင်နေတာလို့ တရုတ်အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက ထောက်ပြပါတယ်။

တဖက်မှာလည်း တရုတ်နဲ့ မြန်မာဟာအကျိုးစီးပွားတူညီမှာမဟုတ်တာကြောင့် ဘယ်သူက ဘယ်လို ဖိအားတွေပေးပေး မျက်နှာမပျက်အောင်ထိန်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့လိုတယ်လို့ သူကဆိုပါတယ်။

ဒေါက်တာလှကျော်ဇောက “ဘယ်သူတွေပဲ ဘယ်လိုဝင်ကယ်ကယ်ပေါ့နော် ကျမပြောနေကြစကားရှိတယ်။ ရုရှားတို့ တရုတ်တို့မကဘူး သကြားမင်းဆင်းကယ်ရင်တောင် ဒီစကစကို ကယ်လို့မရတော့ဘူး။ သူအခု ရွေးကောက်ပွဲတို့ဘာတို့လုပ်လည်း ထွက်ပေါက်ရလည်း ခဏပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေးခေါ်တယ်၊ ဒီစီးပွားရေးကို သူ မဖြေရှင်းနိုင်ဘူးဗျ။ မဆလ နဝတ နအဖ ဒီလိုပဲ ထွက်ပေါက်တွေတော့ ယာယီရကြတယ်။ အခု ဒီကာလ နွေဦးတော်လှန်ရေးရဲ့ထူးခြားချက်က ပြည်သူလူထုကသိပ်ပြတ်သားနေပြီ။ ဒီဖက်စစ် စစ်တပ် အမြစ်ဖြတ်ဆိုတဲ့စကားတင်ထားပြီးပြီ။ ဒါကြောင့်မို့လို ဘယ်သူကပဲကူကူ၊ သူ ဟိုနင်းပြုလည်း ယာယီထွက်ပေါက်ပဲ”

ဒါကြောင့် နွေဦးတော်လှန်ရေးဘက်က ကာလတပိုင်း ဒါမှမဟုတ် ရေတိုမှာအခက်အခဲ အနှောင့်အယှက်တွေရှိနေနိုင်ပေမဲ့ မြန်မာလူထုက ပြတ်သားနေတကြောင့် ရေရှည် ပူစရာမလိုဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်ဖိအားရဲ့နောက်ဆက်တွဲအနေနဲ့ လားရှိုးပြန်ပေးလိုက်ရတဲ့ ဥပမာနဲ့ နယ်မြေတွေကိုအတင်းအကျပ် နောက်ဆုတ်ခိုင်းတာ၊ ပိတ်ဆို့မှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေကိုထိခိုက်နေတာ တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေကိုကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကိုဖယ်ရှားနိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေအကြားက ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေး၊ စစ်ရေးညီညွတ်မှုကိုတည်ဆောက်သင့်ကြောင်း ထောက်ပြသူတွေလည်းရှိနေပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024