
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ် (ဒီးမော့ဆိုမြို့နယ်)၊ ဘီလူးချောင်း အရှေ့ဘက်ကမ်းက ပြည်သူတွေ ညအချိန် သွားလာလှုပ်ရှားတာတွေ မပြုလုပ်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းတွေက သြဂုတ် ၁၈ ရက်မှာ စုပေါင်းထုတ်ပြန်ထားပါတယ်။
ရိတ်သိမ်းဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းခွင်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ သွားလာလုပ်ကိုင်နိုင်ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ဘီလူးချောင်းအရှေ့ဘက်ကမ်းကို မသွားလာဖို့၊ ညအချိန်မတော် မီးထွန်းတာ၊ ဆူပူသောင်းကျန်းတာ၊ အော်ဟစ်ဆဲဆိုတာ၊ သွားလာလှုပ်ရှားတာတွေ မပြုလုပ်ဖို့ အသိပေးထားပါတယ်။
ဘီလူးချောင်းအရှေ့ဘက်ကမ်းမှာ ကျန်နေတဲ့ ပြည်သူတွေအနေနဲ့ သြဂုတ် ၁၉ ရက်ကနေ ၂၁ ရက်အထိ ၃ ရက်အတွင်း ဘီလူးချောင်းအနောက်ဘက်ကမ်း၊ တခြား ဘေးအန္တရာယ်ကင်းတဲ့ နေရာတွေကို အပြီးပြောင်းရွှေ့ဖို့ကိုလည်း အသိပေးထားပါတယ်။
KNDF တပ်ရင်း ၂၈ တပ်ဖွဲ့ဝင်တယောက်က “တချို့ပြည်သူတွေက အချိန်မတော် သွားလာတာမျိုး ရှိနေတော့ မှားပစ်မိမှာစိုးလို့၊ ရန်သူမဟုတ်ဘဲ ပြည်သူကို ပစ်မိမှာမျိုး အဆင်မပြေဘူးလေ။ စစ်ကောင်စီကလည်း လှုပ်ရှားနေတော့ အရေးနဲ့အကြောင်းဆို သူတို့(ပြည်သူ) ထိခိုက်မှာစိုးလို့ပေါ့နော်” လို့ ပြောပါတယ်။
တောင်ယာ၊ လယ်ယာ ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ဒေသခံပြည်သူတချို့က စစ်ဘေးမရှောင်ကြသေးဘဲ စိုက်ပျိုးထားတဲ့ စပါးတွေကို ရိတ်သိမ်းနေရင်း ဖြစ်တဲ့အတွက် နေ့အချိန်တွေမှာ ရိတ်သိမ်းခွင့်ပြုထားပြီး ညဘက်တွေမှာတော့ လုံခြုံရေးအရ အပြင်မထွက်ဖို့ အသိပေးတာဖြစ်တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် နေရာတချို့မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုနဲ့ သြဂုတ်လထဲ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်က ကရင်နီ ဒီးမော့ဆိုနဲ့ ဖားဆောင်းမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် သြဂုတ်လအတွင်း ပြည်သူ ၂၂ ယောက် သေဆုံးပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။