
တာမွေအစ္စလာမ်သင်္ချိုင်းမြေ ပြန်ရလိုမှုအတွက် လော်စစ်ဟန်ချွေးမ ဦးဆောင်နေတယ်လို့ အဲဒီသင်္ချိုင်းရဲ့ ဂေါပကအဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဲဒီ တာမွေအစ္စလာမ်သင်္ချိုင်းမြေနေရာဟာ ရန်ကုန်တိုင်း၊ ရွှေဂုံတိုင်လမ်းနဲ့ ဗညားဒလလမ်းဆုံ အနီး၊ လက်ရှိ အိုးရှင်းဈေးဝယ်စင်တာ အဆောက်အအုံရဲ့ အနောက်ဘက်မှာ ရှိတာပါ။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံရတဲ့ အာဇာနည် ၉ ယောက်ထဲက ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေး တို့ရဲ့ အုတ်ဂူတွေလည်း ရှိတဲ့ သမိုင်းဝင် သင်္ချိုင်းမြေနေရာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ တာမွေအစ္စလာမ်သင်္ချိုင်းကို အလှူရှင် ရဲ့ မြေး၊ မြစ်ဆိုသူတွေက လော်စစ်ဟန် ချွေးမဖြစ်သူလို့ ပြောတဲ့ အမျိုးသမီးတယောက်နဲ့ ပေါင်းပြီး လုယူဖို့ လုပ်နေတယ်လို့ ဂေါပကအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“သူ့အနေနဲ့ (လော်စစ်ဟန် ချွေးမဖြစ်သူ) ဘယ်ဥစ္စာဖြစ်ဖြစ် အလုပ်ကို လွယ်လွယ်ကူကူလုပ်ပြီး စီးပွားရှာလို့ ရနေတာကိုဗျ။ ကျနော်တို့ အစ္စလာမ်သချိုင်းကိုမှ ဘာဖြစ်လို့ ဒီလိုမျိုးလာပြီး လုပ်နေလဲဗျ။ အဲဒီအတွက်ကို ကျနော်တို့ အစ္စလာမ် လူထုတရပ်လုံး၊ ဗလီကဆရာတော်ကြီးတွေ၊ ဓမ္မသတ်ဆရာတော်ကြီးတွေ တော်တော်စိတ်မကောင်းဖြစ်ရရှာတယ်။ အဲဒီလိုတော့မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်တာပေါ့ဗျ။ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါ။ ဒီဥစ္စာက ရှေ့ဆက်တိုးဖို့ မသင့်တော်တဲ့ အရာပေါ့နော်။ ပြီးတော့ ကျနော်တို့ ရုံးကိုလည်း သူကြွခဲ့ပြီးပြီပဲ။ အားလုံးလည်း သူ့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီးပြီပဲ။”
တာမွေအစ္စလာမ်သင်္ချိုင်းဟာ ၁၇ ဧကကျော်ရှိပြီး ၁၉၂၁ ခုမှာ အလှူရှင်တဦးတည်းက ဝယ်ယူလှူဒါန်းခဲ့တာလို့ ဂေါပက အဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
“ဂေါပကအဖွဲ့မှာ အလှူရှင်ဘက်က တဦး အစဉ်အဆက် ပါဝင်လာတာဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်ကစပြီး သားသမီး အစဉ်အဆက် ခုလို မြေပြန်တောင်းတာ အမှုဆွဲတာတွေ မရှိခဲ့ပါဘူး။ မြေး၊ မြစ်တွေလက်ထက်မှ ဒီမြေက သူ့အဖိုးမြေ၊ မြေလွတ်မြေရိုင်းပါဆိုပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြပြီး ဒီဂရီယူသွားတာ။ ဒီကိစ္စကို ကျနော်တို့ ဂေါပက အဖွဲ့ဝင်တွေလည်း မသိဘူး။ စည်ပင်က ကန့်ကွက်နိုင်ကြောင်း ကြေညာထည့်မှ သိခဲ့ရတာ” လို့ ဂေါပကအဖွဲ့ဝင်က ပြောပါတယ်။
သင်္ချိုင်းမြေနေရာနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် တရားစွဲဆိုထားကြပြီး အမှုက မပြီးပြတ်သေးပါဘူး။
လက်ရှိမှာတော့ အလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတွေက ဌာနဆိုင်ရာတာဝန်ရှိသူတချို့၊ လူမိုက်တချို့ရဲ့ အစောင့်အရှောက်နဲ့ သင်္ချိုင်း အုတ်တံတိုင်းကို ပြိုဖျက်ဖို့ လာရောက်လုပ်ဆောင်နေတာကို ကြုံနေကြရတယ်လို့လည်း သိရပါတယ်။
“အလှူရှင်ရဲ့ မြေးဖြစ်တဲ့ ဦးသန်းစိန်တို့ဘက်ကလည်း ထစ်ခနဲဆို ကျနော်တို့ကို ခြိမ်းခြောက်တယ်လေ။ ခဏခဏခြိမ်းခြောက်တယ်။ ဦးသန်းစိန်တို့က ကျနော်တို့ကို ပြောလေ့ ပြောထ ရှိတယ်။ ဘယ်သူ့ချွေးမလဲ ဆိုတာ ခင်ဗျားတို့ သိတယ်မလား။ ဘယ်လိုဖြစ်သွားမယ် ညာလိုဖြစ်သွားမယ်ဆိုပြီးပေါ့” လို့ ဂေါပက တာဝန်ရှိသူက ပြောပါတယ်။
အဲဒီသင်္ချိုင်းကို ၄၂၉၊ ၄၂၉-အေ နဲ့ ၄၂၈ ဆိုတဲ့ မြေကွက်အမှတ်တွေနဲ့ ဖွဲ့စည်းထားပြီး မူလအလှူရှင်က အဲဒီမြေကွက် ၃ ကွက်လုံးကိုပေါင်းကာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မြေးမြစ်ဆိုသူတွေက မြေကွက်အမှတ် ၄၂၈ ကို တရားရုံး ဒီဂရီယူပြီး လုယူနေတာလို့ သူက ပြောပါတယ်။
အခု သူတို့ ဒီဂရီရထားတယ်ဆိုတဲ့ မြေကွက်ထဲကို သွားဖို့အတွက် သင်္ချိုင်းထဲက အုတ်ဂူတွေကို ကျော်ဖြတ် လမ်းဖောက်ဖို့ ကြိုးစားနေတယ်လို့ ဂေါပက ရဲ့ ပြောပြချက်အရ သိရပါတယ်။