
ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းက တိုက်တခုရဲ့ ပထမထပ်မှာ မတ် ၁၀ ရက်၊ ညနေ ၃ နာရီလောက်က အမျိုးသမီးတယောက် အနုကြမ်းစီးခံရပြီး ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သမီးဖြစ်သူကို ကျောင်းကြိုဖို့ တိုက်ခန်းအပြင်ထွက်လာတဲ့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတယောက်ဟာ အဆိုပါတိုက်ရဲ့ လှေကားအတက်အဆင်းနေရာမှာပဲ လုယက်သူနဲ့ ကြုံခဲ့ရတာလို့ လုယက်ခံရသူ အမျိုးသမီးက ထွက်ဆိုထားပါတယ်။
ရပ်ကွက်နေသူတယောက်က “ရဲစစ်ချက်မှာတော့ အိတ်နဲ့ ခေါင်းကို အစွပ်ခံရတယ်။ နှစ်ချက် အရိုက်ခံရတယ်။ သူ မေ့နေတဲ့အချိန်မှာ ပစ္စည်းတွေ အလုခံရတယ်။ သူ့ယောကျ်ားပြန်လာမှ ဒီလိုဖြစ်တာကို သိရတာ။ လည်ပင်းမှာ ပြတ်ရှဒဏ်ရာ အနည်းငယ်တော့ တွေ့ရပါတယ်။ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
အသင့်စောင့်နေတဲ့ လူတယောက်က ကြွပ်ကြွပ်အိတ်အမည်းရောင်နဲ့ အမျိုးသမီးရဲ့ခေါင်းကို စွပ်ချလိုက်တဲ့အပြင် ခေါင်းကို ရိုက်နှက်ခဲ့ကာ လည်ပင်းဓားထောက်ပြီး အခန်းထဲ ကြိုးတုပ်ထားခဲ့တာ ဖြစ်ပါတယ်။
ရိုက်နှက်ခံရလို့ သတိမေ့နေတဲ့ အမျိုးသမီးကို အိမ်ပြန်လာတဲ့ ခင်ပွန်းဖြစ်သူက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
သတိမေ့နေချိန်အတွင်း လုယက်ခံရတဲ့ ငွေသားနဲ့ ပစ္စည်းစာရင်းကို စိစစ်နေဆဲဖြစ်ပြီး လုယက်သူကို တာမွေမြို့မရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။