Home
နိုင်ငံတကာ
စိန်ဘယက် လာဘ်ယူသည့် တောင်ကိုရီးယားသမ္မတဟောင်းကတော် ဖမ်းဆီးခံရ
DVB
·
August 13, 2025
Photo: REUTERS/Kim Hong-Ji

တန်ဖိုးကြီးစိန်ဘယက် အပါအဝင် ဇိမ်ခံပစ္စည်းတွေ လာဘ်ယူမှု စွဲချက်နဲ့ စွပ်စွဲခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ ဇနီး ကင်မ်ကွန်ဟီးကို တရားရုံးက စစ်ဆေးနေစဉ်မှာပဲ ဩဂုတ် ၁၂ ရက် ညနေပိုင်းက ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။

သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလိုပဲ ဇနီးသည် ကင်မ်ကွန်ဟီးဟာ ပထမဆုံး အဖမ်းခံရတဲ့ သမ္မတကတော်ဟောင်း ဖြစ်လာပါတယ်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ သမ္မတကတော်ဟောင်းရဲ့ နာမည်အကြီးဆုံးအမှုကတော့ ၂၀၂၂ ခုနှစ်တုန်းက ခင်ပွန်းနဲ့အတူ NATO ထိပ်သီးဆွေးနွေးပွဲ သွားတက်တုန်းက ဝတ်ဆင်ခဲ့တဲ့ Van Cleef စိန်ဘယက် ဖြစ်ပါတယ်။

နှင်းစက်ပုံ စိန်ဆွဲသီး ပါဝင်တဲ့ ဒီလည်ဆွဲဟာ ဝမ် သန်း ၆၀ (ဒေါ်လာ ၄၃,၀၀၀) တန်ပြီး ဒီပစ္စည်းဟာ ဥပဒေနဲ့အညီ သမ္မတဇနီးမောင်နှံရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာစဉ်က မပါရှိခဲ့ပါဘူး။

ဒါ့အပြင် ဝမ် သန်း ၂၀ တန်တဲ့ Chanel အိတ် ၂ လုံး လက်ဆောင်ရယူခဲ့မှုအတွက်လည်း စွပ်စွဲခံထားရပါတယ်။

ခင်ပွန်းသည်ဟာလည်း စစ်အုပ်ချုပ်ရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုနဲ့ တရားရင်ဆိုင်နေရချိန်မှာ ထိန်းသိမ်းခံထားရပါတယ်။

၁၂ ရက်နေ့ အစောပိုင်းမှာ ကင်မ်ဟာ တရားခွင်ကို အနက်ရောင်ဝတ်စုံပြည့်နဲ့ ရောက်ရှိလာခဲ့ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေ မဖြေခဲ့သလို ကြေညာချက်လည်း မထုတ်ခဲ့ပါဘူး။

ကြားနာမှုအပြီးမှာ အမိန့်ချတာ စောင့်ဆိုင်းဖို့အတွက် ဆိုးလ်မြို့က ထိန်းသိမ်းရေးစခန်းကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ တရားရုံးက ဖမ်းဝရမ်းထုတ်ပေးလိုက်တဲ့အတွက် ဆက်လက် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေမှာ စတော့လိမ်လည်မှုကနေ လာဘ်ယူမှု၊ မလျော်ဩဇာသုံးမှု တွေ ပါဝင်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ်နှစ်ချီ ကျခံရနိုင်ပါတယ်။

သူ့အမှုတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအာဏာပွဲစားတွေအထိ ပတ်သက်နေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013