
ရာသီကြိုခြေစမ်းပွဲမှာ ပြင်သစ်ကလပ် မာဆေးတိုက်စစ်မှူး မာဆန်ဂရင်းဝုဒ်ဟာ ဗီလာကစားသမား ၂ နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
သြဂုတ် ၉ ရက်က ပြင်သစ်မြေမှာ ကစားခဲ့တဲ့ မာဆေးလ်နဲ့ အက်စ်တန်ဗီလာတို့ ခြေစမ်းပွဲစဉ်မှာ ပွဲပြီးခါနီး ဂရင်းဝုဒ်နဲ့ ဗီလာကစားသမား ၂ ယောက် ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့တာပါ။
ပွဲချိန် ၈၇ မိနစ်အရောက်မှာ ဗီလာကွင်းလယ်လူ အမာဒူအိုနားနားကို ဂရင်းဝုဒ်က ဖျက်ထုတ်ရာကနေ စတင်ခဲ့တာဖြစ်ပြီး အိုနားနားက ဂရင်းဝုဒ်ကို မကျေမနပ်ပြောဆိုရာကနေ ဂရင်းဝုဒ်က လက်နဲ့ ပြန်လည်တွန်းထိုးခဲ့တာပါ။
အဲဒီနောက် ဗီလာအသင်းခေါင်းဆောင် တိုင်ရုန်မင်စ် ဝင်ရောက်လာခဲ့ပြီး ဂရင်းဝုဒ်ရဲ့ဂျာစီကို ဆွဲယူပြီး အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
ဂရင်းဝုဒ်ဟာ အိုနားနားနဲ့ တွန်းထိုးစဉ်မှာ တံတွေးနဲ့ ထွေးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြကြပေမဲ့ တိကျတဲ့ ဗီဒီယို အထောက်အထားတော့ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။
ခြေစမ်းပွဲဖြစ်တာကြောင့် ခိုက်ရန်ဖြစ်ပွားတဲ့အပေါ် ဘယ်အသင်းကမှ အရေးယူသွားဖို့တော့ မရှိကြောင်း မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။
မန်ယူအကယ်ဒမီထွက် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ခြေစွမ်းကောင်းမွန်ခဲ့ပေမဲ့ အတူနေ ချစ်သူကို နိုင်ထက်စီးနင်း အဓမ္မကျင့်မှုနဲ့ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။


