
နာဇီ့မျိုးဆက်တွေ ဘာဖြစ်သွားကြလဲဆိုတဲ့ မှတ်တမ်းဗီဒီယိုနဲ့ ဟစ်တလာ့ မိသားစုဝင်အကြောင်းဆိုတဲ့ ဗီဒီယိုတွေကို မထင်မှတ်ဘဲ ကြည့်ဖြစ်သွားတယ်။ ဟစ်တလာက မိသားစုဆိုရာမှာ သူ့ဇနီး သားသမီးရယ်လို့ မကျန်ခဲ့ပေမဲ့ သူ့မောင်နှမသားချင်းနဲ့ သူတို့တွေရဲ့ မျိုးဆက်တွေက ရှိသေးတာကိုး။ ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတာက အာဒေါ့လ်ဖ်အနေနဲ့ထက် မျိုးရိုးနာမည်ဖြစ်တဲ့ ဟစ်တလာကို လူတွေက ပိုသိတာမို့ သူနဲ့ မျိုးရိုးနာမည်တူကြတဲ့ ညီမ၊ အစ်မဝမ်းကွဲ၊ ညီအစ်ကိုဝမ်းကွဲအပါအဝင် တခြားဆွေမျိုးတွေအားလုံးဟာ ကမ္ဘာကြီးမှာ တိတ်တဆိတ် ပျောက်ကွယ်လိုကြ ပျောက်ကွယ်ခဲ့ကြတာပါ။ ထူးဆန်းစွာ သေဆုံးကြတာမျိုး ရှိကြသလို တချို့ကတော့ အာဒေါ့လ်ဖ်ရဲ့ အရိပ်မည်းဒဏ်ကို ရှောင်ချင်တဲ့အတွက် မျိုးဆက်မကျန်လည်း ကောင်းကောင်းပဲလို့ တွေးပြီး တိုးတိုးတိတ်တိတ် အထီးကျန် နေထိုင်သွားခဲ့ကြတယ်။ တချို့ကတော့ မျိုးရိုးနာမည်ကို လုံးဝစွန့်လွှတ်ပြီး တခြားသူဘဝကို ခံယူသွားကြတယ်။ မှတ်တမ်းမှာ ဇာတ်ကြောင်းပြောသူက လူသားမျိုးဆက်အနေနဲ့ ထပ်မကျန်တော့အောင် ဆုံးဖြတ်ကြတာမျိုးကို အာဒေါ့လ်ဖ်ရဲ့ ဆွေမျိုးတွေက ဆုံးဖြတ်ခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒါထက် တိတ်ဆိတ်ခြင်းအားဖြင့်၊ အရှက်ရမှုကို မလွန်ဆန်နိုင်ခြင်းအားဖြင့် ဟစ်တလာဆိုတဲ့ နာမည်ကို ကမ္ဘာမြေကနေ ပျောက်ဆုံးကွယ်ပသွားအောင် သူတို့ လုပ်လိုက်ကြတယ်လို့ ဆိုပါတယ်။ အာဒေါ့လ်ဖ်တစ်ယောက်ကြောင့် ဟစ်တလာမျိုးရိုးဟာ မျိုးသုဉ်းပျောက်ကွယ်ရတဲ့အခြေအနေကို ဆိုက်သွားတယ်ဆိုပါတော့။
တခြားနာဇီခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေအကြောင်းကိုလည်း စိတ်ဝင်စားစရာ တပုံတပင်နဲ့ သိလိုက်ရတာက သူတို့ရဲ့ သားသမီးတွေမှာ စိတ်ဒဏ်ရာတွေအသီးသီး ပြင်းထန်ကြတယ်ဆိုတာပါပဲ။ တချို့ကတော့ သူတို့အဖေကို ချစ်ခင်ဆဲဆိုပေမဲ့ သူတို့အဖေဟာ လူပေါင်းများစွာကို သတ်ဖြတ်ညှင်းဆဲ အနိုင်ကျင့်ခဲ့ကြသူတွေလို့ သိရတာဟာ လက်ခံဖို့ ခက်ခဲသလို ရင်ကွဲနာကျစရာပဲလေ။ အော့ဇ်ဝစ်ရှ်အကျဉ်းစခန်းမှာ ဂျူးတွေကို စမ်းသပ်ခန်းထဲက တိရိစ္ဆာန်တွေလို သဘောထားပြီး စမ်းသပ်ခဲ့သူ၊ အစုလိုက် အပြုံလိုက် သတ်စေအောင် မှတ်ချက်တွေ လုပ်ခဲ့သူ နာဇီစစ်ဆရာဝန် ယိုးဆက်ဖ်မန်ဂလေဟာ အာဂျင်တီးနားကို ထွက်ပြေးလွတ်မြောက်ပြီး ဘရာဇီးမှာ နေနေခဲ့တာ အတော်ကြာပါတယ်။ ဂျာမဏီမှာ ကျန်ခဲ့ပြီး "နာဇီကလေး"လို့ လှောင်ခံရတဲ့ သူ့သားက တိတ်တိတ်လေး သူ့ဆီကို လာတွေ့ခဲ့ပါတယ်။ သံယောဇဉ်ကြောင့်ထက် သူ့အဖေဟာ ဘာလို့ ဒါတွေ လုပ်ခဲ့လဲ၊ ဒီအပေါ်မှာ နောင်တ ရနေလားဆိုတာတွေကို သိချင်ခဲ့လို့ပါ။ စိတ်ပျက်စရာကောင်းတာကတော့ သူ့အဖေက အကျဉ်းသားတွေကို လူနာအမျိုးအစား ခွဲပေးခဲ့တာက လွဲပြီး ဘယ်သူ့ကိုမှ နာကြင်အောင် မလုပ်ခဲ့ဘူးလို့ ငြင်းခဲ့သလို နောင်တရနေပုံလည်း မပြခဲ့တာပါပဲ။ သူ့သား ရော့ဖ်က တခြားတယောက်ကိုသာ အဖေ တော်ချင်တာပါပဲလို့ ထုတ်ပြောခဲ့ရှာပါတယ်။ တကယ်လည်း ရှေ့နေဖြစ်တဲ့ ရော့ဖ်ဟာ သူ့အဖေ သေဆုံးပြီးနောက်မှ (၁၉၈၅ ခုနှစ်မှာ) ဂျာမဏီမှာ သူ့အဖေအကြောင်းအဖြစ်မှန်တွေကို ထုတ်ဖော်သူ ဖြစ်ခဲ့ရာက မိသားစုဝင်တွေနဲ့ သဘောထား ကွဲလွဲခဲ့ပါတယ်။ နောင်မှာတော့ သူ့မျိုးရိုးနာမည် "မန်ဂလေ”ဆိုတာကို စွန့်လွှတ်ပြီး မန်ဂလေမျိုးကို ဖြတ်ခဲ့တယ်ဆိုပါတော့။
လူရဲ့ ပင်ကိုသဘာဝမှာ အသိအမှတ်ပြုခံချင်ကြတယ်။ ကိုယ့်ဖြစ်တည်မှုအပေါ် လက်ခံပေး အသိအမှတ်ပြုပေး ချစ်ခင်ပေး နားလည်ပေး စာနာပေးဆိုတဲ့ ဖေးမမှုကိုပဲ လိုချင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အဲဒီလိုအရာတွေ ကိုယ့်ထံပါးမှာ ရောက်လာအောင် လုပ်ဖို့ အရည်အချင်းရော တာဝန်ပါ ရှိနေရမယ်ဆိုတာကိုတော့ တချို့သူတွေက သဘောမပေါက်ကြပါဘူး။ အဲဒီအရာတွေ ကိုယ့်ဆီကို မရောက်လာရင် ကိုယ် အသုံးမကျလို့ တာဝန်မသိလို့ဆိုတာကို သဘောပေါက်ဖို့ထက် အဲဒီအရာတွေအများစုကို ပိုင်ဆိုင်ရရှိနေသူတွေအပေါ် မလိုမုန်းထား အညှိုးအတေး ပြုလိုက်ရမှ နေသာထိုင်သာရှိတတ်ကြတယ်။ ဒါတွေကပဲ သူတို့ကို ပိုပြီး အထီးကျန်စေတယ်၊ သူယုတ်မာဖြစ်စေတယ်ဆိုတာကို သဘောမပေါက်ကြပါဘူး။ အဲလိုဖြစ်တဲ့အခါ တပါးသူတွေကို ဖျက်ဆီးလိုက်နိုင်ပြီလို့ သူတို့က ကျေနပ်နေကြသလောက် သူတို့ကိုယ်တိုင်ရဲ့ တခဏတာ ဘဝတွေဟာ အရည်အသွေးမဲ့ ပျက်စီးနှင့်ပြီဆိုတာကိုလည်း နားမလည်နိုင်ကြပါဘူး။ ဒါကိုမှ လူဖြစ်ရှုံးတယ်၊ လူ့အရာကျတယ်လို့ မခေါ်ရင် ဘာကို ခေါ်မှာပါလိမ့်။
အာဒေါ့လ်ဖ်ဟစ်တလာအပါအဝင် ကျန်နာဇီစစ်ခေါင်းဆောင်တွေ၊ နာဇီလုပ်ရပ်ကို တနည်းနည်းနဲ့ ပူးပေါင်းခဲ့ကြတဲ့ စစ်သားနဲ့ အရပ်သားအမှုထမ်းအရာထမ်းတွေအနေနဲ့ကတော့ သူတို့ ရင်ဆိုင်ရတာတွေဖြစ်တဲ့ အမုန်းတရား၊ အထင်သေးခံရမှု၊ စက်ဆုပ်ရွံရှာခံရမှုနဲ့ ဥပဒေကြောင်းအရ ပြစ်ဒဏ်တွေဆိုတာ သူတို့ရဲ့ ရွေးချယ်မှုအရ ဖြစ်လာတဲ့ နောက်ဆက်တွဲရလဒ်တွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျိုးဆက်တွေ ခံစားရတာမှာတော့ သူတို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့် မဟုတ်ပါဘူး။ ဒါဖြင့် အဲဒီလိုမျိုးဆက်တွေမှာပါ အမုန်းတရား၊ အထင်သေးခံရမှု၊ စက်ဆုပ်ရွံရှာခံရမှုတွေကို ရင်ဆိုင်စေတာဟာ တရားမျှတရဲ့လားလို့ မေးခွန်းထုတ်စရာတော့ ရှိနိုင်တာပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူထုတွေကို ဒီလိုကိုယ်တိုင်ရွေးချယ်မှုအရ မကောင်းတဲ့လုပ်ရပ်တွေကို ကျူးလွန်ထားခဲ့သူ မဟုတ်တဲ့ မိသားစုတွေအပေါ် မမုန်းကြပါနဲ့၊ အထင်မသေးကြပါနဲ့၊ မစက်ဆုပ်မရွံရှာကြပါနဲ့လို့ ဟန့်တားတိုက်တွန်းလို့ ရကောင်းတာမျိုး မဟုတ်ပါဘူး။ ခံစားခဲ့ရသူတွေအနေနဲ့ ကျူးလွန်သူတွေအပေါ် ဥပဒေက ပေးတဲ့ ပြစ်ဒဏ်ဆိုတာထက် သူတို့ကိုယ်တိုင်က ခံစားမိသလို တုံ့ပြန်ပြုမူရတာကို ပိုပြီးလိုလားတတ်ကြတာလည်း အမှန်တရားပါပဲ။ တုံ့ပြန်မှုအကောင်းတွေကိုပဲ မျှော်လင့်ချင်ရင်တော့ လုပ်ဆောင်ပြုမူမှု အကောင်းတွေချည်းကိုသာ ဆောင်ရွက်ကြရမှာပေါ့။
နာဇီစစ်အုပ်စုဟာ လူသာမန်တွေ မတွေးနိုင်လောက်အောင် နောက်လူအုပ်စုတစ်ခုအပေါ် အလွန်အမင်း တရားလက်မဲ့ ပြုမူဆက်ဆံခဲ့ကြတဲ့အတွက် သူတို့ရဲ့မျိုးဆက်ရင်သွေးတွေကတောင် အဲဒီကျူးလွန်ခဲ့မှုပုံရိပ်တွေကို တွေ့ကြရတဲ့အခါ ရှက်ကြောက်သိမ်ငယ်မိတဲ့အထိ ခံစားခဲ့ကြရပါတယ်။ ဒါကြောင့် သူတို့ဖခင်တွေအပေါ် ချစ်ခင်စိတ် ရှိခဲ့ဖူးတယ်ဆိုပေမဲ့ ဒီလိုလူစိတ်ကင်းတဲ့ အပြုအမူမျိုးကိုမှ လုပ်ရက်လေခြင်းလို့ မချိတင်ကဲ ခံစားရမှု၊ ရှက်ရွံ့သိမ်ငယ်ရမှုတွေကို မခံစားနိုင်ဖြစ်ပြီး ဒီလိုခံစားရမှုတွေကို ဆက်ခံမယ့် ရင်သွေးမျိုးဆက်ဆိုတာကိုတောင် မချန်ထားချင်လောက်တဲ့စိတ်တွေ ဖြစ်ခဲ့ကြပါတယ်။ လူ့သဘာဝအရ အိမ်ထောင်သားမွေး လုပ်ခဲ့ကြပေမဲ့လည်း လူမဆန်တဲ့ ရာဇဝတ်သားအဖေနဲ့ သွေးသားအရသာ တော်စပ်မှုကို မလွန်ဆန်နိုင်တဲ့တိုင် သူ့ရဲ့မျိုးရိုးအမွေအနှစ်ဖြစ်တဲ့ အမည်နာမ ဆက်ခံတာကို ရှောင်လွှဲကြတာမျိုး၊ ဒါမှမဟုတ် ကိုယ်တိုင်က လူတောမတိုးတော့ဘဲ လူ့အသိုင်းအဝိုင်းနဲ့ ဝေးရာမှာ နေလိုက်ကြတာမျိုးတွေကို လုပ်ခဲ့ကြတာ ထင်ရှားပါတယ်။
တနည်းအားဖြင့်တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုခံရဖို့အရေးကိုတောင် မဝံ့မရဲနဲ့ သိမ်ငယ်နေခဲ့ကြပြီး ကိုယ့်အဖေ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောကြားဖို့ သတ္တိတောင် မရှိကြတော့ပါဘူး။ ကိုယ့်မျိုးရိုး ဘယ်သူဆိုတာကို လူမသိစေချင်တဲ့ လူမသိအောင် ဆိတ်ဆိတ်နေ ကိုယ်ရောင်ဖျောက်ရတဲ့ ဘဝမျိုးနဲ့ ကျန်ရှိသက်တမ်းကို ဖြတ်သန်းနေကြတယ်ဆိုပါတော့။ ဒါဟာ ကိုယ့်အမျိုးသုဉ်းအောင် ကိုယ်တိုင်က ရွေးချယ်လိုက်ကြရတာမျိုးလို့ ဆိုရမှာပါ။ မျိုးသုဉ်းဆေးဖော်ကြသူတွေပေါ့။ အထူးသဖြင့် ဟစ်တလာဆိုတဲ့ မျိုးရိုးနာမည်ကို အာဒေါ့လ်ဖ်ခေတ် ကုန်ဆုံးပြီးနောက် လက်ရှိကမ္ဘာမပျက်မချင်း ဘယ်သူကမှ လိုလိုလားလား ဆက်ခံချင်ကြမှာ မဟုတ်သလို ဆက်လည်း ဆက်ခံနိုင်လောက်အောင် မျိုးဆက်ရင်သွေး မကျန်ရစ်တဲ့အထိ အခြေအနေဟာ ဖြစ်ပေါ်ခဲ့ပါပြီ။ မြန်မာမှာလည်း နာမည်အချို့ကို ဘယ်သူကမှ မပေးလို မခံယူလိုကြတော့တာမျိုး ရှိနေမှာပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ စစ်ကောင်စီက လိမ်နည်းတစ်ထောင် ညာနည်းတစ်သောင်းနဲ့ ရွေးကောက်ပွဲကို ဇွတ်ကျင်းပဖို့ ပြင်ဆင်လာတဲ့အခါ စိတ်ဝင်စားဖို့ ကောင်းတာက အရွေးခံမယ့် အမတ်လောင်းတွေဟာ နာမည်ကိုတောင် ထုတ်ပြောဖို့ စိုးထိတ်နေကြတဲ့အတွက် ပါတီနာမည်နဲ့ပဲ ဝင်အရွေးခံကြမှာလိုလို ပြောလာကြတာပါပဲ။ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ တာဝန်ကို ကိုယ့်နာမည်နဲ့ကိုယ် ရဲရဲတင်းတင်း ထမ်းဆောင်ဖို့ သတ္တိမရှိကြသူများကပဲ ဒီဖြစ်လာမယ်၊ မဖြစ်လာဘူး ဘာမှန်းမသိနေသေးတဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီးအနိုင်ရချင်နေကြပေသကိုး။ ဒါပေမဲ့ အာဒေါ့လ်ဟစ်တလာရဲ့ နမူနာကို ပြေးသတိရမိစရာပေါ့။ ကိုယ့်ဖြစ်တည်မှု ကိုယ့်အမှတ်လက္ခဏာကို လူသိမှာ စိုးရိမ်နေရပြီးမှ ကိုယ့်အသက် ဆက်ရှင်ရမယ့် အဖြစ်ဟာ လူဖြစ်ရှုံးရတဲ့အဖြစ် လူ့အရာကျရတဲ့အဖြစ် မဟုတ်ဘူးလား။ ကိုယ့်ရင်သွေးမျိုးဆက်အတွက် ကိုယ့်ကို အဖေ/အမေအဖြစ် ထုတ်ဖော်ပြောရဲတဲ့ စိတ်ရှင်းမှုလေးလောက်မှ အမွေမချန်ခဲ့နိုင်လောက်အောင် လူမဆန်တဲ့ လုပ်ရပ်ဆိုးတွေကို လုပ်နေကြ အားပေးနေကြတဲ့ ရာဇပလ္လင်မက်ကြသူတွေကသာ ကိုယ့်မျိုးရိုးကိုယ် သုဉ်းအောင် လုပ်နေကြတာ မဟုတ်လား။
ဒီတော့ စစ်ရာဇဝတ်သမားတွေအတွက် ကိုယ့်မျိုးရိုးမျိုးဆက်တွေမှာ ဟစ်တလာလို မန်ဂလေလို မျိုးရိုးဆက်ခံချင်သူ မရှိလောက်မယ့်အနေအထားကိုပဲ တွေ့ရမလား၊ ဟစ်တလာ့လက်ရုံး ဝါဒဖြန့်ချိရေးသမား ဂေ့ါဘ်ဘယ်လ်နဲ့ သူ့ဇနီးက သားသမီးခြောက်ယောက်လုံးကိုပါ ဆိုင်ယာနိုက် ကျွေးပြီး သူတို့နဲ့အတူ မျိုးသုဉ်းအကြံကို ရွေးလိုက်တာမျိုးပဲ ကြုံရလေမလား၊ ဘာမဆိုဖြစ်နိုင်သေးတာပါပဲ။ ဘာပဲဖြစ်ဖြစ် စစ်ရာဇဝတ်သမားတွေရဲ့ မိသားစုမျိုးဆက်အဖြစ် ဂုဏ်ယူဖို့ ကြံစည်နေသူများ ကြမ်းကြား လေကြား ရှိများရှိမယ်ဆိုရင်တောင် ဒီသမိုင်းသင်ခန်းစာလေးတော့ သတိရနေကြဖို့ပါပဲ။ မျိုးသုဉ်းဆေး မဖော်မိကြပါစေနဲ့။
မသီတာ-စမ်းချောင်း