
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းပေါ်မှာရှိတဲ့ မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်ရဲ့ ကြေးရုပ်တုကို သြဂုတ် ၇ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်တပ်က လာရောက်ဖြိုချခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ တောင်ငူလမ်းမ၊ ဆေးရုံလမ်း ၃ ခုဆုံတဲ့နေရာနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင်မှာရှိပြီး ရှစ်လေးလုံးမတိုင်ခင် ဖြိုချတာ ဖြစ်နိုင်ပေမဲ့ အကြောင်းအရင်း သေချာမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က ၁၁ နာရီလောက်မှာ ဖြိုခံရတာ။ တမြို့လုံး အဲ့အချိန် မီးဖြတ်ခံထားရတယ်။ မြင်းစီးရုပ်ကိုဖယ်ပြီး ခုံတုံးကြီးပဲ ကျန်ခဲ့တော့တယ်။”
ဒီနေ့မနက်မှာတော့ ပဲခူးမြို့ နေရာအနှံ့မှာ လုံခြုံရေးချထားတယ်လို့ သိရပြီး လွန်ခဲ့တဲ့ သြဂုတ် ၄ ရက်ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ကို လာရောက်ခဲ့သေးတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
“လွန်ခဲ့တဲ့ ၄ ရက်ကပဲ မင်းအောင်လှိုင် လာသွားသေးတယ်လေ။ ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်က ပဲခူးရဲ့ အထင်ကရနေရာမှာလည်း ရှိနေတယ်။ အစိုးရရုံးနဲ့ မျက်နှာချင်းဆိုင်လေ။ ကျနော်တဦးတည်း အမြင်အရဆို အရင်တည်းက သူတို့က ဗိုလ်ချုပ်ကို ကြောက်ကြတဲ့သူတွေဆိုတော့ တမင်ဖြိုတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း သူတို့က လက်နက်အင်အားလိုနေတော့ ဒီကြေးရုပ်တွေကို အဲလိုနေရာတွေမှာလည်း ပြန်အသုံးပြုမလားဆိုပြီး တွေးမိတယ်။”
ပဲခူးမြို့က ဗိုလ်ချုပ်ကြေးရုပ်ကို ၁၉၈၈ နောက်ပိုင်းက စတင်ပြုလုပ်ထားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို သံဇကာတွေနဲ့ ကာထားခဲ့တဲ့အပြင် အာဇာနည်နေ့ အခမ်းအနားတွေမှာလည်း အတွင်းဝင်ခွင့်မရဘဲ အပြင်ကနေ ကျင်းပရပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်ရောက်မှ သံဇကာတွေ ဖြိုချခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူ ကြေးရုပ်တုကို စစ်ကောင်စီက ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဇူလိုင် ၂၈ ရက် မနက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေးအနီးက ပန်းခြံအတွင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တုကို စစ်တပ်က ဖယ်ရှားခဲ့ ပါတယ်။