
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနဲ့ အမှတ်စာရင်းတွေ အမှားအယွင်းဖြစ်ပြီးနောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ အမှတ်စာရင်းနဲ့အတူ အောင်လက်မှတ်တွေကို တနိုင်ငံလုံးအတိုင်းအတာအရ ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်းထားပါတယ်။
ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေရဲ့ အမှတ်စာရင်းနဲ့ အောင်လက်မှတ်တွေကို ကျောင်းသူ၊ ကျောင်းသားတွေက လာရောက်ထုတ်ယူနေကြဆဲ ဖြစ်ပေမဲ့ အမှတ်စာရင်းအမှားတွေကိုတော့ သက်ဆိုင်ရာဌာနက ခုချိန်အထိ ပြန်လည် ပြင်ဆင်နိုင်တာ မရှိသေးပါဘူး။
စက်ချို့ယွင်းတဲ့ ပြဿနာကြောင့် အမှတ်စာရင်းထုတ်ပေးမှု ရပ်ထားတဲ့အတွက် အမှတ်စာရင်း မထုတ်ယူနိုင်ခဲ့ဘူးလို့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ကနေ အမှတ်စာရင်း လာရောက်ထုတ်ယူသူ တယောက်က ပြောပါတယ်။
“လောလောဆယ် သူတို့ တနင်္လာနေ့ကျမှ ပြန်ထုတ်ပေးမယ်၊ ပြန်လာကြည့်လိုက်။ တနင်္လာနေ့ ရအောင် ကြိုးစားကြည့်မယ်တဲ့။ လောလောဆယ် စက်ချို့ယွင်းတဲ့ပြဿနာကြောင့် အမှတ်စာရင်း ထုတ်ပေးတာ ခဏရပ်ထားတယ်။ ဒီနှစ်ဖြေတဲ့သူပဲ”
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွေကို ပြီးခဲ့တဲ့ဇူလိုင် ၃၀ ရက်မနက် ၈ နာရီမှာ အွန်လိုင်းကနေ စတင်ထုတ်ပေးခဲ့တာမှာ ထုတ်ပြန်ပြီး ၄၅ မိနစ်အကြာမှာပဲ စက်ချို့ယွင်းမှုကြောင့် ထုတ်ပြန်မှုကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။
အောင်စာရင်းမှာ အမည်ပါလာပေမဲ့ အမှတ်စာရင်းထုတ်ယူရာမှာ ကျရှုံးနေတဲ့ အဖြစ်တွေ ဖြစ်လာခဲ့ပြီးတဲ့နောက် စာမေးပွဲအောင်မြင်သူ အချို့ဟာ စိုးရိမ်စိတ်တွေ ဖြစ်လာကြပါတယ်။
ရန်ကုန်၊ အေဒီမီးပွိုင့်အနီးတက္ကသိုလ်များ လှိုင်နယ်မြေနဲ့ မျက်နှာချင်းဆိုင်အနီးမှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာရှိတဲ့ တာဝန်ရှိသူတွေကတော့ အခုလိုပြောပါတယ်။
“အောင်ပြီးသားလူက အောင်ပြီးပြီ။ အောင်ပြီးသားလူက အောင်ကိုအောင်တယ်။ အောင်စာရင်းမှာ အောင်ပြီဆိုရင် အောင်ပွဲသာခံလိုက်တော့၊ ဘာမှမဖြစ်ဘူး”
၂၀၂၅ ခုနှစ် ၁၂ တန်းပညာရေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားဦးရေ ၂ သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြပေမဲ့ အောင်မြင်သူ ၁ သိန်းနီးပါးသာရှိခဲ့ပါတယ်။
အဲဒီစာမေးပွဲကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဖြေဆိုခဲ့ကြပေမဲ့ မတ် ၂၈ ရက်နေ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလောင်ကျွမ်းခဲ့တဲ့အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့က အဖြေစာရွက်တွေပါ မီးလောင်ကျွမ်းသွားခဲ့တာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြန်လည်ဖြေဆိုခဲ့ကြရပါတယ်။
အဲဒီအဖြေလွှာတွေနဲ့ အမှတ်စာရင်းတွေကိုပါ တပါတည်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အမှတ်စာရင်း မှားယွင်းမှုတွေ မဖြစ်စဖူး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဟန်န