Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်ကို Tesla  ရှယ်ယာ ဒေါ်လာ ၂၉ ဘီလီယံဖိုး ဆုကြေးပေး
DVB
·
August 5, 2025
Photo: REUTERS / PRESIDENTIAL INAUGURAL COMMITTEE

Tesla ကုမ္ပဏီ ဘုတ်အဖွဲ့က စီအီးအို အီလွန်မတ်စ်ခ်အတွက် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ရှယ်ယာအသစ် ချီးမြှင့်မှုကို အတည်ပြုလိုက်ပါတယ်။

Tesla ဟာ အလိုအလျောက်မောင်းနှင်တဲ့ တက္ကစီတွေနဲ့ လူသားပုံစံစက်ရုပ်တွေ ထုတ်လုပ်ရေး အရေးပါတဲ့ အကူးအပြောင်းကာလမှာ မတ်စ်ခ်က ကုမ္ပဏီကို ဆက်လက်ဦးဆောင်ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ရှယ်ယာစုစုပေါင်း ၉၆ သန်း ပါဝင်တဲ့ ဒီခံစားခွင့်ဟာ မတ်စ်ခ်အတွက် ပထမအဆင့် သဘောရိုးနဲ့ ကြားဖြတ်ချီးမြှင့်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ မနှစ်က ဒဲလဝဲပြည်နယ် တရားရုံးက ပယ်ချခဲ့တဲ့ မတ်စ်ခ်ရဲ့ ဒေါ်လာ ဘီလီယံ ၅၀ ကျော်တန် ၂၀၁၈ ခုနှစ် ဆုကြေးကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။

ဒီရှယ်ယာတွေကို ရယူနိုင်ဖို့ မတ်စ်ခ်ဟာ နောက်လာမယ့် ၂ နှစ်အတွင်း တက်စလာရဲ့ စီအီးအိုတာဝန် ဆက်ယူပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အယူခံဝင်ထားတဲ့ ၂၀၁၈ ဆုကြေးကို တရားရုံးက ပြန်ခွင့်ပြုမပေးမှသာ အခု ဆုကြေးသစ်ကို ရမှာဖြစ်ပါတယ်။

အယူခံအောင်ပြီးတော့ အမှုနိုင်ရင် မူလဆုကြေးကို ရမှာဖြစ်ပြီး အမှုရှုံးရင် အခုဆုကြေးကို ပထမဆင့်အနေနဲ့ ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ရလာတဲ့ ရှယ်ယာတွေကို ထုတ်မရောင်းဘဲ ၅ နှစ် အနည်းဆုံး ကိုင်ထားရမှာဖြစ်ပြီး ၂၀၁၈ ဆုကြေးတုန်းက သတ်မှတ်တဲ့ တန်ဖိုးအတိုင်း ရှယ်ယာတခုကို ၂၃ ဒသမ ၃၄ ဒေါ်လာနဲ့ ဝယ်နိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဒေါ်လာ ၂၉ ဘီလီယံ တန်ကြေးရှိတဲ့ ရှယ်ယာ ၉၆ သန်းကို ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ပဲ ကျသင့်တဲ့ တန်ဖိုးနဲ့ ပိုင်ဆိုင်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ ကျင်းပမယ့် တက်စလာ နှစ်ပတ်လည်အစည်းအဝေးမှာလည်း မတ်စ်ခ်အတွက် ရေရှည်ခံစားခွင့် အစီအစဉ်အသစ်တခုကို ရှယ်ယာရှင်တွေ မဲခွဲဆုံးဖြတ်ဖို့ တင်ပြသွားမှာပါ။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013