
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ဟာ ဇူလိုင် ၂၅ ရက်က ကင်ဆာရောဂါနဲ့ ကျဆုံးပျံလွန်တော်မူသွားတယ်လို့ သံဃသမဂ္ဂ (မန္တလေး) ဆီက သိရပါတယ်။
ဆရာတော် ဦးပသံသိယ ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ညပိုင်းမှာ စစ်အုပ်စုက ကျောင်းတိုက်ကနေ မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့မှာ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာပါ။
အကျဉ်းထောင်တွင်း နှိပ်စက်မှုတွေကြောင့် ဆရာတော်ဟာ ကင်ဆာရောဂါဝေဒနာခံစားခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင် ကုသမှုခံယူခဲ့ရပါတယ်။
ဒါပေမယ့် ဆေးဝါးနဲ့ ကုသမှုမလုံလောက်တာ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ နှိပ်စက်မှုဒဏ်ရာတွေကြောင့် ဇူလိုင် ၂၅ ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကျဆုံးပျံလွန်တော်မူသွားခဲ့ရတယ်လို့ သံဃသမဂ္ဂ (မန္တလေး) ဆီက သိရပါတယ်။
ဆရာတော်ဟာ ထောင်ကျပြီး ၂ နှစ်အကြာ၊ သက်တော် ၃၆ နှစ်၊ ဝါတော် ၁၆ ဝါတွင် ပျံလွန်တော်မူခဲ့ရတာဖြစ်ပြီး ဆရာတော် ဦးပသံသိယ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ထိန်းချုပ်ပြီး လုံလောက်တဲ့ဆေးကုသမှုမပေးဘဲ ဆုံးရှုံးစေရတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်တယ်လို့မှတ်ယူကြောင်းလည်း သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ပါတယ်။
ပြီးတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဟန်းရှင်လူပြည်သူလူထုအပေါ် မတရား ဖမ်းဆီးထိန်းသိမ်းတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ တခြားမတရားပြုမူတာတွေကို တရားမျှတမှုရရှိတဲ့အထိ ပြည်သူလူထုနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလမှာ ထောင်တွင်းလုံလောက်တဲ့ ဆေးဝါးကုသခွင့် မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၂၄ ယောက်ရှိခဲ့ပြီး အိုးဘိုထောင်တွင်း သေဆုံးမှုက အများဆုံးဖြစ်တယ်လို့ DVB ဒေတာအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။