
ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တို့မှာ ဇူလိုင် ၂၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ပစ်ခတ်မှုတွေရှိလာပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေပြီး ဒရုန်း၊ လေယာဉ်တွေအပါဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“တိုက်ပွဲက တပတ်ကျော်လောက် ငြိမ်နေတဲ့ အခြေအနေကနေ ဇူလိုင် ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ထိတွေတိုက်ပွဲတွေ ပြန်ဖြစ်ကြတာရှိတယ်။ အဓိကတော့ ဓညဝတီရေတပ်ဌာနချုပ်ကနေ တပ်အနီးရှိ AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ကြတာ။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာရော၊ ဒရုန်းနဲ့တိုက်ခိုက်တယ်။ လက်နက်ကြီးတွေလည် ပစ်ကူပေးနေတာရှိတယ်။”
စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်ကစပြီး စည်မော်၊ ကုလားဘာ၊ ကြိတ္တိန် စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကုလားဘာကျေးရွာ၊ ကျောက်ပြောက် ကျေးရွာတို့ကိုလည်း ဇူလိုင် ၂၂ ရက်က တိုက်လေယာဉ်၊ ဒရုန်းတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့ ပါတယ်။
ကျောက်ဖြူမြို့နယ်မှာလည်း မေလနဲ့ ဇွန်လအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ် ပွားခဲ့ကြပြီး ဇူလိုင် ၁၀ ရက်မှ ၂၁ ရက်အထိ တိုက်ပွဲတွေဟာ ၁၀ ရက် ကျော်ကြာ ငြိမ်သက်ခဲ့ပြီး ပြန်ဖြစ်ပွားနေတာပါ။
ဒါအပြင် စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာ ဆက်တိုက်လုပ်လာနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေကြတဲ့ အခြေအနေမှာရှိနေကြတယ်လို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောကြပါတယ်။
စစ်တွေမြို့နယ်က ဝါဘိုနဲ့ ပုဏ္ဏားကျွန်းမြိုန့ယ်က ရဲရိုးပြင်၊ အောင်မြေကုန်း စတဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဇူလိုင် ၂၃ ရက်ကစပြီး စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် နှစ်ဖက်တင်းမာနေကြတာလို့ စစ်ရေးလေ့လာသူ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေမှာ မတ်လကုန်ပိုင်းကတည်းက စစ်ရေးက ငြိမ်သက်နေတာပေါ့။ ဒီရက်ပိုင်း စစ်ကောင်စီဘက်က ရန်စတဲ့ သဘောနဲ့ သူတို့လက်လွတ်ထားတဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်းအစပ်က ကျေးရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာရှိတယ်။ တိုက်ပွဲမျိုးတော့ မဟုတ်သေးဘူး။ နှစ်ဖက်တင်းမာမှုကတော့ရှိနေကြတယ်။”
စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ကံကော်ကျွန်း၊ ကြက်ကိုင်းတံ၊ ရာတန်စတဲ့ ကျေးရွာတွေမှာ အခုရက်ပိုင်း အင်းအားဖြည့်တင်းမှုတွေ ပြုလုပ်နေတာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ နှစ်ဖက် စစ်ဆိုင်ထားကြ ပါတယ်။