
ကမ္ဘာ့ဆန်ဈေးကွက်မှာ ဝယ်လိုအား ကျဆင်းနေပေမဲ့ မြန်မာနိုင်ငံရဲ့ လစဉ် ပို့ကုန် ရည်မှန်းချက်ကို ပြည့်မီအောင် တင်ပို့နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။
၂၀၂၅ ခုနှစ် အစပိုင်းကစလို့ နိုင်ငံတကာ ဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာပြီး ဝယ်လိုအားလည်း လျော့နည်းနေပေမယ့် မြန်မာနိုင်ငံရဲ့ ပုံမှန် ဝယ်လက်တွေ ဖြစ်တဲ့ ဥရောပ၊ အာရှနဲ့ အာဖရိကနိုင်ငံတွေရဲ့ ဝယ်ယူမှုကတော့ ဆက်ရှိနေတယ်လို့ ဆန်စပါးအသင်းချုပ်က ဆိုပါတယ်။
အဆိုပါ ဈေးကွက်ဝေစုတွေကို ထိန်းထားနိုင်တဲ့အတွက်လည်း မြန်မာ့ဆန်တင်ပို့မှုဟာ လစဉ် ပို့ကုန် ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆန်စပါးအသင်းချုပ် အနေနဲ့ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ဖို့ ရည်မှန်း ဆောင်ရွက်နေတယ်လို့ ဆိုထားပြီး အခု ပထမ ၃ လပတ်အတွင်း လျာထားချက်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ တင်ပို့ထားတာ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ တင်ပို့မူ ကိန်းဂဏန်းတွေအရ အခုဘဏ္ဍာနှစ်ရဲ့ ပထမလဖြစ်တဲ့ ဧပြီမှာ တန်ချိန် ၁၄၂၇၈၈ တန်၊ မေမှာ ၂၅၉၅၀၁ တန်နဲ့ ဇွန်လမှာ တန်ချိန်၂၁၂၄၁၅ တန် တင်ပို့ခဲ့ပါတယ်။
ဇွန်လမှာ ဆန်တင်ပို့မှု အနည်းငယ် ပြန်ကျလာပြီး တင်ပို့မှုက ရရှိတဲ့ ပို့ကုန်ဝင်ငွေကလည်း ပြီးခဲ့တဲ့ မေလအတွင်း ရရှိတဲ့ ကန်ဒေါ်လာ ၉၁ သန်းနဲ့ နှိုင်းယှဥ်ရင် ဒေါ်လာ သန်း ၂၀ လျော့ကျ လာတာ တွေ့ရပါတယ်။
တဖက်မှာလည်း စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်တဲ့ ပြည်ပပို့ ဆန်တွေရဲ့ရည်ညွှန်းဈေးတွေက လည်း အခု ဇူလိုင်မှာ တအိတ်ကို ကျပ် ၁,၀၀၀ လောက် ဈေး ထပ်မံကျဆင်းလာပါတယ်။
အခု ဇူလိုင်လ အတွင်း ပြည်ပတင်ပို့တဲ့ ဧည့်မထ၊ ငစိန် အုပ်စုဝင်ဆန်တွေကို ကျပ် ၅၉,၀၀၀ ကနေ ၇၁,၀၀၀ အဖြစ် ရည်ညွှန်းဈေးသတ်မှတ်ထားပြီး ပြည်တွင်းစားသုံးပြီး ပြည်ပလည်း တင်ပို့တဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်း စတဲ့ ဆန်အမျိုးအစားတွေကိုတော့ အဟောင်း တအိတ် ကို ကျပ် ၇၈,၀၀၀ ကျပ်၊ အသစ်ကို ကျပ် ၆၈,၀၀၀ ရည်ညွှန်းဈေးသတ်မှတ်ထားပါတယ်။