
ကမ္ဘာ့ရွှေဈေး တပတ်အတွင်း ၁ အောင်စကို ဒေါ်လာ ၁၀၀ ဝန်းကျင်အထိ တက်လာပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရွှေရည်ညွှန်းဈေးကတော့ ၁ ကျပ်သားကို ၅၉ သိန်းဝန်းကျင်မှာပဲ ဆက်လက်သတ်မှတ်ထားပါတယ်။
ဇူလိုင် ၁၅ ရက်က ၁ အောင်စကို ၃၃၃၀ ဒေါ်လာဖြစ်ခဲ့တဲ့ ကမ္ဘာရွှေဈေးဟာ ဇူလိုင် ၂၃ ရက် ဒီနေ့မှာတော့ ၃၄၃၀ ဒေါ်လာအထက်အထိ မြင့်တက်လာခဲ့ပါတယ်။
လက်ရှိ ပြင်ပရွှေဈေးကွက်မှာတော့ အခေါက်ရွှေ ၁ ကျပ်သားဈေးက ငွေကျပ် ၇,၉၂၀,၀၀၀ ဝန်းကျင်ရှိနေပြီး တက်အတွင်းမှာပဲ ကျပ် ၄၀၀၀၀ ဝန်းကျင် ဈေးမြင့်တက်လာတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ဒီကနေ့အတွက် သတ်မှတ်ထားတဲ့ ရွှေရည်ညွှန်းဈေးကတော့ ၅၉ သိန်း ကျပ်ဖြစ်ပြီး ပြင်ပဈေးနှုန်းနဲ့ ကျပ် ၁၀ သိန်းဝန်းကျင်အထိ ကွာခြားချက်များနေဆဲပဲ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီက သတ်မှတ်ရည်ညွှန်းဈေး ကျော်လွန်ရောင်းချတဲ့ ရွှေလုပ်ငန်းရှင်တွေကို အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။
မကြာသေးခင်ကလည်း ရွှေကုန်သည် ၁၀ ယောက်ထက်မနည်းကို ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချလို့ဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။