Home
နိုင်ငံတကာ
ဖူးကက်တွင် မိုးသက်လေပြင်းတိုက်ပြီး ကမ္ဘာလှည့်ခရီးသည် ၂ ဦးပေါ် သစ်ပင်ပိကျ၊ ၁ ဦးသေဆုံး 
DVB
·
July 22, 2025
Photo: thaipbs

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က မိုးသက်လေပြင်းကျပြီး သက်တမ်းရင့် သစ်ပင်ကြီးတွေပါ လဲပြိုတာကြောင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၂ ယောက် ထိခိုက်ဒဏ်ရာရကာ တယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၂၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်လောက်က ဖူးကက်မြို့နယ်၊ ချလောင်ရပ်ကွက် ကော်ဟေးကမ်းခြေမှာ သစ်ပင်ပိပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက် ရတာကြောင့် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ချလောင်နယ်မြေ ရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေ ရောက်သွားချိန် အမျိုးသမီးတယောက်မှာ သစ်ပင်ပိဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးပြီး အမျိုးသားမှာတော့ ထိခိုက်ဒဏ်ရာရသွားတယ်။ အနီးနားနေ ပြည်သူတွေ ပြောပြချက်အရ သစ်ပင်ပိခံရသူ ၂ ယောက်မှာ တရုတ်နိုင်ငံသား ဇနီးမောင်နှံဖြစ်ပြီး အလည်အပတ်ခရီးစဉ်အုပ်စုနဲ့ လိုက်လာတာဖြစ်တယ်၊ ဒီမတိုင်ခင်ရှေ့က သူတို့ ၂ ယောက် သစ်ပင်အောက်က ခုံတန်းလျားမှာ အပန်းဖြေနေစဉ် ရုတ်တရက် လေပြင်းတိုက်ခတ်လာပြီး သစ်ပင်ကြီးပါ လဲကျလာတာလို့ ဆိုပါတယ်။

သေဆုံးသူမှာ အသက် ၅၃ နှစ်ရွယ် WANG YANG ဆိုသူဖြစ်ပြီး ဒဏ်ရာရသူနဲ့အတူ ဝချီရဖူးကက်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုမှာ ဖူးကက်မြို့ ဝပ်ကစ်ဟို့ ဘုန်းကြီးကျောင်းဝင်းထဲမှာလည်း ရပ်ထားတဲ့ကားပေါ် သစ်ပင်လဲကျပျက်စီးသလို သစ်ပင်ပိလို့ နွားတကောင် သေဆုံးသွားပါတယ်။

ဆီဆွန်ထောင်းန်ရပ်ကွက်နဲ့ လေယာဉ်ကွင်း သွားလမ်းတလျှောက်က နေအိမ်တချို့  အိမ်ခေါင်မိုးလွင့်ထွက်တာ၊ ဆိုင်းဘုတ်စင်ပြိုကျတာ၊ ရေတိုင်ကီပြုတ်ကျတာ၊ ဆိုင်ရှေ့က လေပူပေါင်း အရုပ်ကြီးတွေ လေထဲလွင့်ပါသွားတာတွေ ရှိခဲ့ပါတယ်။

ဖူးကက် ကော်မိုက်ကျွန်းစုအနီးမှာလည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၅ ယောက်ပါ  အပျော်စီးလှေတစီး စက်ပျက်ပြီး ရေစီးကြောင်းနဲ့ မျောပါသွားခဲ့တယ်၊ ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းအတွင်း ဝီဖာ အမည်ရှိ တိုင်ဖွန်းမုန်တိုင်း အဖျားခတ်မှုကြောင့် ခရိုင်အတော်များများမှာ မိုးသက်လေပြင်းကျခြင်း၊ ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

Source: Thai PBS News / Phuket Info Center 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024