
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ သပြောသပြုအုပ်စု၊ သာအေးဒေါင့်ကျေးရွာမှာ ခေတ္တယာယီအုပ်ချုပ်ရေးမှူး လုပ်နေတဲ့အမျိုးသားတယောက် ဇူလိုင် ၁၈ ရက်က ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အရင်အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားလို့ ယာယီ ရာအိမ်မှူးလုပ်နေတဲ့ ရှဲသ ဆိုသူကို သားအဖနှစ်ယောက် ရှိနေစဥ်မှာ အမည်မသိတဲ့ လူတယောက်က ဓားနဲ့ဝင်ထိုးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဇူလိုင် ၁၈ ရက် ည ၈ နာရီလောက်ကဖြစ်တာ။ သူက စစ်မှုထမ်း ဥပဒေအကြောင်းပြပြီး ငွေကြေးတောင်းကြမ်းတဲ့လူလေ။ ရွာထဲက လူတွေကိုလည်း သူကိုယ်တိုင်ပဲ စစ်တပ်ထဲ ထည့်နေတာ။ ပထမ အုပ်ချုပ်ရေးမှူးတုန်းကလည်း စစ်မှု့ထမ်းဥပဒေ အကြောင်းပြပြီး ငွေညှစ်လို့ ပြည်သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို စာပို့ပြီးတိုင်လို့ ထွက်ပြေးသွားတာ။ အဲဒါကို ရှဲသက အုပ်ချုပ်ရေးမှူး ဝင်လုပ်နေတာ။ စစ်တပ်ထဲကို စစ်မှုထမ်းဖို့ လူငယ်တွေ ပို့တဲ့အချိန်မှာလည်း ရွာက စရိတ်ကောက်ခံခဲ့တာ။ စစ်မှုထမ်းတဲ့သူတွေကို ထောက်ပံ့ရမယ်ဆိုပြီး တအိမ်ကို ငွေကျပ် ၂၀၀၀၀ ဆီ ကောက်ခံနေတာ။ ဓားနဲ့ထိုးခံရလို့ သေသွားပြီ။ သူ့သားတော့ မသေဘူး ကျန်သေးတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီတပ်နဲ့ ရဲတွေနဲ့ ပူးပေါင်းပြီး ဒေသခံလူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာ စစ်မှုထမ်းအတွက် ငွေကောက်ခံတာတွေကို မကြာခဏ လုပ်ဆောင်နေတာကြောင့် လူငယ်အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။