
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စိုးရိမ်ရေမှတ်ကျော်နေလို့ ဆိပ်သာ - ကြံခင်း ကားလမ်း ရေမြုပ်နေသလို ရပ်ကွက်နဲ့ကျေးရွာ ၅ ခုမှာလည်း နေအိမ်တွေထဲ ရေဝင်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၇ ရက်ညနေပိုင်းကစတင်ပြီး ဆိပ်သာမြစ်ရေမြင့်တက်လာတာကြောင့် ကြံခင်းမြို့နယ်ထဲက ရွာသစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ အလယ်ကျွန်းကျေးရွာ၊ ရွှေကျွန်းတောကျေးရွာနဲ့ ရေလယ်ကျွန်းကျေးရွာတို့က နေအိမ်တွေထဲ ရေဝင်ရောက်နေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေက ၁၇ ရက် ညနေလောက်ကတည်းက တဖြည်းဖြည်း တက်လာတာ။ အခုတော့ အိမ်ရဲ့အောက်ပိုင်းအထိရေစွဲနေပြီ။ လောလောဆယ်တော့ဘယ်မှမပြောင်းသေးပါဘူး” လို့ ပြောပါတယ်။
ဆိပ်သာမြစ်ရေစိုးရိမ်ရေအမှတ်ဟာ ပေ ၄၀ (၁၂၀၀ စင်တီမီတာ)ဖြစ်ပြီး လက်ရှိမှာ စိုးရိမ်ရေအမှတ်အထက် ၄၀ ဒသမ ၃၆ ပေ(၁၂၁၁ စင်တီမီတာ) အထိ ရောက်ရှိနေတာဖြစ်ပါတယ်။
ဌာနဆိုင်ရာတာဝန်ရှိသူတယောက်က “မြေပြင်အခြေအနေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေက အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေအတွက်လည်း အသင့်ပြင်ဆင်ထားပါတယ်။ ပြည်သူတွေလည်း မြစ်ရေအခြေအနေကို သတိပြုနေဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်နေတဲ့အပြင် ဆိပ်သာ - ကြံခင်း ကားလမ်းပေါ်လည်း ရေကျော်တက်နေပြီး ကြံခင်း - ဆိပ်သာ ဘေလီတံတားလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ပြီးတော့ ဇူလိုင် ၁၈ ရက်ညနေပိုင်းကနေ ၁၉ ရက်မနက်ပိုင်းအထိ မိုးရွာသွန်းနေတယ်လို့သိရပြီး ရေဘေး အန္တရာယ်သတိပြုဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက နှိုးဆော်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကြံခင်းမြို့နယ်မှာ ၂၀၂၄ ခုနှစ် မိုးရာသီကလည်း ဆိပ်သာမြစ်ရေ မြင့်တက်လာလို့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့တဲ့အပြင် စာသင်ကျောင်းတွေထဲအထိပါ ရေဝင်ရောက်လို့ ကျောင်းတွေ ယာယီပိတ်ခဲ့ရသေးတယ်လို့ သိရပါတယ်။