
မန္တလေးမြို့ပေါ်မှာ TikTok ဆော့ရင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် ၂ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၁၆ ရက် ည ၈ နာရီ ၁၅ မိနစ်က မန္တလေးမြို့၊ ၄၅ x ၄၆ ကြား၊ ၁၁၄ လမ်း ရှိ ၂ ထပ်တိုက်ပေါ်မှာ TikTok ဆော့ရင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် ပြုတ်ကျခဲ့ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဥ်ကိုသိရှိသူက “ဖြစ်စဉ်ကြောင့် ကောင်မလေးက ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့တာ။ တော်သေးလို့ အသက်မဆုံးရှုံးရတာ။ အော်သံဟစ်သံကြားတော့မှ သွားကြည့်လို့ သိရတာပေါ့နော်။ အခု ကောင်မလေးက မန္တလေးဆေးရုံကြီးမှာ။ လိုအပ်တဲ့ ကုသမှုတွေကို ခံယူနေရပါတယ်။ မစိုးရိမ်ရဘူးလို့တော့ ပြောတယ်” လို့ ပြောပါတယ်။
TikTok ဆော့ရင်း ၂ ထပ်တိုက်ပေါ်က ပြုတ်ကျလို့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးငယ်ကို မြရည်နန္ဒာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ကာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး TikTok ဆော့လိုပါက အသက်အန္တရာယ်ကို ကြည့်ပြီးမှ တွက်ဆ ဆော့သင့်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုတိုက်တွန်းထားတယ်လို့ သိရပါတယ်။