
ရှမ်းမြောက်ဒေသရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်တွေက အပြည့်အဝ ထိန်းချုပ်လိုက်ပြီး တော်လှန်ရေးအင်အားစုတွေ မြို့ပြင်ကို ဆုတ်ခွာပေးလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာဘက်က စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီ တပ်မ ၁၁ နဲ့ တပ်မ ၅၅ ပူးပေါင်းစစ်ကြောင်းတွေက ဇူလိုင် ၁၆ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာလို့ နောင်ချိုမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“နောင်ချို့မြို့တခုလုံးက စစ်ကောင်စီထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ။ တော်လှန်ရေးဘက်က ဆုတ်ပေးလိုက်ကြရတာပေါ့။ လက်ရှိအချိန်ထိတော့ စစ်ကောင်စီ မြောက်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရတယ်။ ဒီနေ့မနက်ပိုင်းထိတော့ ထိတွေ့တိုက်ပွဲသံတွေ မကြားရသေးဘူး။”
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကလည်း နောင်ချိုမြို့ကို သိမ်းပိုက်ရရှိထားပြီ ဆိုတာကို ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာကြတာ တွေ့ရပါတယ်။
စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ဇူလိုင် ၁၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၁၆ ရက်မှာ မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နောင်ချိုမြို့မှာ မြို့ပေါ်ရပ်ကွက် ၆ ခုရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နောင်ချိုကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်တနှစ်အကြာမှာ စစ်ကောင်စီထံ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ထိုးစစ်ကာလအတွင်းမှာ လေကြောင်းပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၇၀ ကျော်ခန့် ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီက ကျောက်မဲ၊ နောင်ချို အပါအဝင် မြို့နယ် ၅ ခုကို ပြန်လည်တောင်းရာကနေ သဘောတူညီမှုမရခဲ့ဘဲ ဆွေးနွေးမှု ရပ်တန့်ခဲ့ပါတယ်။