
တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဉ်က ထိခိုက်ပျက်စီးသွားတဲ့ မြောက်ဦး ရှေးဟောင်းအမွေနှစ်တွေကို လက်ရှိမှာ ပြန်လည်ပြုပြင်နေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
မြောက်ဦးဒေသမှာ တိုက်ပွဲအတွင်း ဘုရားပုထိုးတချို့ ကျည်ဆန်ထိမှန်တာ၊ အမြောက်ကျည် ထိမှန်တာနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကြီး ပျက်စီးသွားခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီအပျက်စီးတွေထဲက တချို့ကို ပြန်လည်ပြုပြင်နေပြီလို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်မှာ ပါဝင်လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တိုက်ပွဲပြီးကတည်းက လုပ်လို့ရတာတွေ မှန်သမျှကို လုပ်နေတာပါ။ အခုတော့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ စနေတယ်။ အထိအခိုက်ကြောင့် ပျက်စီးထားတာတွေကို တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေနဲ့ ပြန်ပြင်ဖို့ လုပ်နေပါတယ်။”
တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ပစ်ခတ်တာကြောင့် ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ပျက်စီးမှုနဲ့ ပြတိုက်တွင်း ကျောက်စာချပ်တွေ ပျက်စီးသွားတာ၊ နရပတိဘုရား ကျဉ်ဆန်ထိမှန်ခဲ့ဝာာနဲ့ ရွှေတောင်စေတီမှာ လက်နက်ကြီးငယ်ကျလို့ ထွင်းကျပြိုပျက်တာ၊ စစ်ကောင်စီတပ်သားတွေ ကတုတ်ကျင်းတူး နေထိုင်ခဲ့တာကြောင့် သင်းကျိတ်တော်စေတီ အုတ်မြစ်တွေ ပျက်စီးသွားတာ စတာတွေ ရှိခဲ့ပါတယ်။
ဒီအပျက်အစီးတွေထဲက အရေးတကြီးပြုပြင်ဖို့ လိုအပ်တဲ့ အရာတွေကို ပြုပြင်နေတယ်လို့ မြောက်ဦး ရှေးဟောင်းသုတေသနရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အပျက်အစီးတွေကို ပြန်လည်ပြုပြင်ရာမှာ နည်းပညာပိုင်းနဲ့ ဘဏ္ဍာရေး လိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“ရှေးဟောင်းသုတေသနဆိုတာက ဘာလုပ်လုပ် အရင်ဦးဆုံးလိုတာက ငွေဖြစ်နေတယ်။ ခုအပျက်အစီးတွေ ပြန်ပြုပြင်ဖို့ နည်းပညာလိုအပ်ချက်တွေကလည်း ရှိနေသေးတယ်။ အရေးတကြီး လိုအပ်တာလေးတွေတော့ ပြုပြင်နေတာတွေတော့ ရှိတယ်။”
မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖို့ ၂၀၁၆ ခုနှစ်ကနေစပြီး မြောက်ဦးရဲ့ ရှေးဟောင်းသုတေသနနဲ့ ယဉ်ကျေးမှူအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးက တာဝန်ရှိသူတွေနဲ့ ဒေသရဲ့ လူမှုအဖွဲ့အစည်း အသီးသီးကနေ ပူးပေါင်းပါဝင်ပြီး ကြိုးပမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြောက်ဦးဒေသရဲ့ မတည်ငြိမ်တဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ကြိုးပမ်းမှုမှာ နှောင့်နှေးခဲ့ကြရပြီး မြောက်ဦးမှာ တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ အပျက်အစီးတွေလည်း ရှိပါတယ်။