
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က လုပ်ငန်းဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးရမယ်လို့ ပြောကြားထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ရှင် အမျိုးသားတယောက်က “ဆိုင်းဘုတ်တွေ မြန်မာလိုရေးထားတဲ့ဆိုင်တွေ အခု တရုတ်စာရေးထားတဲ့ ဆိုင်းဘုတ်တွေ ပြန်လုပ်ဖို့ ပြောတယ်” လို့ ပြောပါတယ်။
တရုတ်စာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ပြီးတော့ MNDAA က သတ်မှတ်ထားတဲ့ မြို့နယ်ထောက်ခံစာနဲ့ ကတ်တွဲပြီး MNDAA ရဲ့ ခရိုင်ရုံးကို ပြန်တင်ရမယ်လို့ ပြောဆိုကြောင်း ဆိုပါတယ်။
ဒေသခံတယောက်က “သိန္နီ-ကွမ်းလုံလမ်းဘက် တရုတ်လို ဆိုင်းဘုတ်မတပ်ထားရင် ဘာမှ ရောင်းလို့မရတော့ဘူး” လို့ ပြောပါတယ်။
MNDAA ထိန်းချုပ်နယ်မြေ အများစုမှာ လုပ်ငန်း၊ ဆိုင် ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးရပြီး တရုတ်လို မရေးထားရင် သိမ်းတာတွေ၊ ဒဏ်ကြေးပေးရတာတွေ ရှိလာနေပေမဲ့ ဒေသခံတွေ အနေနဲ့ ဘာမှ ပြောပိုင်ခွင့်မရှိဘူးလို့ သူကပြောပါတယ်။
တရုတ်လို လုပ်ငန်းဆိုင်းဘုတ် လုပ်ထားဖို့ အသိပေးထားပြီးတဲ့နောက် မလုပ်ထားဘဲ ပြန်လာစစ်ပြီး တွေ့ရှိပါက ဒဏ်ငွေရိုက်မယ်၊ ဒဏ်ရိုက်ပြီး နောက်လည်း မလုပ်ထားဘူးဆိုရင် အရေးယူမယ်လို့ ပြောကြောင်း ဒေသခံတွေက ဆိုပါတယ်။
လုပ်ငန်းဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။